ရန်ကုန် ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ထန်းတပင်မြို့နယ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဝန်းအတွင်း အရှည် ၆၆၅ ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၈ ပေရှိ ရေကန်တူးဖော် ပြီးစီးမှု၊ အဓိပတိ (၂) လမ်းနှင့် စကားဝါဆောင်ကြား ကွင်းပြင်မြေညှိပြုပြင်နေမှု၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ ရေကန်ပတ်လည် မြေယာရှုခင်း ဆောင်ရွက်နိုင်ရန်အတွက် မြေပြုပြင်နေမှု၊ ကန်ရေဖြည့်သွင်းနိုင်ရန်နှင့် စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဝီစိတွင်း နှစ်တွင်း တူးဖော်ပြီးစီးမှုနှင့် ကန်ရေဖြည့်သွင်းရန်နှင့် အလှဆင်ရေပန်း (၃) ခု မောင်းနှင်ရန် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ် တည်ဆောက်ပြီးစီးမှု အခြေအနများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဝန်းအတွင်း၌ စက်ယန္တရားများဖြင့် ရေမြောင်းတူးဖော်နေမှုကို လည်းကောင်း၊ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ ဧရိယာအတွင်း၌ ဝက်နှင့် ငါးများမွေးမြူထားရှိမှု၊ မြေဧက ၆၀ ပေါ်တွင် နွေစပါးစိုက်ပျိုး ထားရှိသည့်အခြေအနေများကို လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံရှေ့၌ ရန်ကုန်-ပုသိမ်လမ်း လမ်းသားတိုးချဲ့ခြင်း၊ ယာဉ်ရပ်နားရန် နေရာပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေ အနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်ရန်၊ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


