ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၅
အစ္စရေးနိုင်ငံတစ်ဝန်း ဆန္ဒပြသူများသည် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမားစ်အုပ်စု၏ ဖမ်းဆီးခြင်း ခံထားရသော ဓားစာခံများ လုံခြုံစိတ်ချစွာပြန်လွှတ်ပေးရေးအတွက် အစိုးရထံ တောင်းဆိုလျက်ရှိသည်။
ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက တဲလ်အဗီးမြို့၌ ပြုလုပ်သည့် စုဝေးပွဲတစ်ခုတွင် ထောင်ပေါင်းများစွာသောလူများ ပါဝင်ခဲ့ကြသည်ဟု ယူဆရသည်။ ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် ဟားမားစ်တို့ကို ဆွဲဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်မှ သဘောတူရန် အချို့ကတိုက်တွန်းထားကြသည်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ခန်းယူနစ်မြို့နှင့် ရာဖာမြို့တို့တွင် အစ္စရေးတပ်ဖွဲ့က အပြင်းအထန် ထိုးစစ်ဆင်နွှဲလျက်ရှိသည်။ အစ္စရေးတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ ခိုလှုံ ရာနေရာအဖြစ် အသုံးပြုနေသည့် မူလတန်းကျောင်း တစ်ကျောင်း ထိမှန်ကာ ကလေးနှစ်ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူလည်း များပြားကြောင်း ပါလက်စတိုင်းမီဒီယာများတွင် ဖော်ပြကြသည်။
အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၇၃၆၅ ဦးရှိပြီဟု ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောသည်။ ကာတာနှင့် အီဂျစ်နိုင်ငံတို့၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် အပစ် အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေး ဆွေးနွေးပွဲများကို ဇန်နဝါရီလနှောင်းပိုင်းမှစတင်ကာ ပြုလုပ်လျက်ရှိသည်။
ဟားမားစ်တို့ဘက်မှ လုံးဝအပစ်အခတ်ရပ်စဲရေး တောင်းဆိုလျက်ရှိသော်လည်း အစ္စရေးဘက်ကမူ ယင်းအဆိုပြုချက်ကို ပယ်ချခဲ့သည်။ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် အစ္စရေးနှင့် ကာတာနိုင်ငံတို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသသို့ ခရီးထွက်ရန် စီစဉ်ထားသည်။
အင်န်အိတ်ချ်ကေ