ဖေဖော်ဝါရီ ၅

ချီလီနိုင်ငံအလယ်ပိုင်းတွင် တောမီးများလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၉၉ ဦးရှိလာကြောင်း နိုင်ငံ၏တရားဝင် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုက ယမန်နေ့ကပြောကြားသည်။

နိုင်ငံအတွင်း ဖေဖော်ဝါရီ ၂ ရက်က မီးလောင်ကျွမ်းမှုကြောင့် ၃၂ ဦး သေဆုံးခဲ့သည်ဟု ချီလီနိုင်ငံ၏မှုခင်း ဆေးပညာဆိုင်ရာအေဂျင်စီက ဆိုသည်။ စန်တီရာဂိုဒေသမှကျွမ်းကျင်ပညာရှင်များ၏ပံ့ပိုးမှုဖြင့်  Valparaiso ဒေသ၏ နည်းပညာရှင်များ၊ ဆေးဘက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးအဖွဲ့များအားလုံးသည် ထိုအရေးပေါ်အခြေအနေကိုကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေကြောင်းဖော်ပြထားသည်။ တောမီးလောင်ကျွမ်းမှုကြောင့် မြို့တော် စန်တီရာဂို၏အနောက်ဘက် ကီလိုမီတာ ၁၀၀ခန့်အကွာတွင်တည်ရှိသော Valparaiso ဒေသတွင် မြေဟက်တာ ၁၁၀၀၀ ကျော် ပျက်စီးခဲ့သည်ဟု ချီလီအမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဝန်ဆောင်မှု၏နောက်ဆုံးထုတ်ပြန် ဖော်ပြချက်အရ သိရသည်။ ထိုတောမီးများလောင်ကျွမ်းမှုသည် မကြာသေးမီဆယ်စုနှစ်များအတွင်း လူသေဆုံးမှုအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို