ဖေဖော်ဝါရီ ၅
ဂျပန်နိုင်ငံအလယ်ပိုင်းတွင် နှစ်ဆန်း ၁ ရက်နေ့က နိုတိုငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး သီတင်းပတ် ငါးပတ်ကြာမြင့်ပြီဖြစ်ရာ ငလျင်ဘေးသင့်သူ ၁၀၀၀၀ ကျော်သည် ခိုလှုံရေးစင်တာများတွင် နေထိုင်နေရဆဲဖြစ်ပြီး အချို့သည် ယာယီအိမ်ရာများသို့ စတင်ပြောင်းရွှေ့နေထိုင်ကြသည်ဟု သိရသည်။ ငလျင်ပြင်းအား ၇ ဒသမ ၆ ပမာဏနှင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်မှုကြောင့် လူ ၂၄၀ သေဆုံးခဲ့ပြီး ထိုဒေသရှိ အဆောက်အဦများပျက်စီးသွားခဲ့သည်။ အီရှီကာဝါစီရင်စုတွင် ၁၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် အခြေခံအဆောက်အအုံများလည်း အများအပြားပျက်စီးခဲ့သည်။ ဒေသအများစုတွင် ဓါတ်အားများပြန်လည်ရရှိပြီဖြစ်သော်လည်း ဝါဂျီမာနှင့် ဆူဇူဒေသတို့ အပါအဝင် မြို့ခုနစ်မြို့ရှိဒေသများတွင် ရေပြတ်တောက်နေဆဲဖြစ်သည်ဟု သိရသည်။ လူပေါင်း ၁၄၄၃၁ ဦးသည် ကယ်ဆယ်ရေးစင်တာများတွင် ဖေဖော်ဝါရီ ၂ ရက်အထိ နေထိုင်နေကြကြောင်း အီရှီကာဝါရှိအာဏာပိုင်များက ပြောကြားသည်။ မိသားစု ၁၈ စုသည် ယာယီအိမ်ရာသို့ ဖေဖော်ဝါရီ ၃ ရက်က စတင်ပြောင်းရွှေ့ခဲ့ကြသည်။ မတ်လကုန်တွင် အဆောက်အအုံ ၃၀၀၀ ဆောက်လုပ်ရန် ထိုစီရင်စုက ရည်မှန်းထားသော်လည်း ငလျင်ဘေးသင့်သူများသည် ခိုလှုံရေးစခန်းများတွင် ဆက်လက်နေထိုင်ရအုံးမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းမှကယ်ဆယ်ရေးသမား ၁၀၀ ကျော်က စက်ကြီးများဖြင့် ရွှံ့များကိုဖယ်ရှားရှင်းလင်းလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို