ဂျကာတာ၊ ဖေဖော်ဝါရီ ၆

အင်ဒိုနီးရှားသမ္မတ ကိုယ်စားလှယ်လောင်းများသည် ဖေဖော်ဝါရီ ၁၄ ရက် ဆန္ဒမဲပေးပွဲမတိုင်မီ နောက်ဆုံး စကားစစ်ထိုးပွဲတွင် ပါဝင်ခဲ့ကြသည်။  အင်ဒိုနီးရှားသမ္မတ ကိုယ်စားလှယ်လောင်းသုံးဦးသည် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို၏ မူဝါဒများကို ဆက်လက်လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည်ဖြစ်စေ မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရေး အပြိုင်စည်းရုံးလျက်ရှိသည်။

တနင်္ဂနွေ စကားစစ်ထိုးပွဲတွင် ပါဝင်သူများမှာ ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း အန်နီးဘတ်စ ဝီဒန်၊ လက်ရှိကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုနှင့် အလယ်ဂျာဗားအုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနိုဝိုတို့ ဖြစ်ကြသည်။ စကားစစ်ထိုးပွဲတွင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် လူမှုဖူလုံရေးနှင့် ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည်။

စကားစစ်ထိုးပွဲတွင် ပရာဘိုဝိုက ဂျိုကိုဝီဒိုဒိုချမှတ်ခဲ့သည့် စီးပွားရေးအခြေခံအုတ်မြစ်မျာအတိုင်း လုပ်ဆောင်သွားမည့် ၎င်း၏ရည်မှန်းချက်ကို ထပ်လောင်းဖော်ပြခဲ့သည်။ အင်ဒိုနီးရှားမြေ ပေါ်မှ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ ဘဝအဆင့်အတန်းကို တိုးတက် အောင် အခြေခံအချက်များကို ကိုင်တွယ်ဖြေရှင်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လိုအပ်သော ပြည်သူများကို ကူညီရန် လတ်တလော စီးပွားရေးနှင့် လူမှုဖူလုံရေးမူဝါဒများသည် လုံလောက်မှု မရှိကြောင်း အန်နီးနှင့် ဂန်ဂျာက ပြောကြားခဲ့သည်။  နိုင်ငံတော်ရင်ဆိုင်နေရသည့် အကြီးဆုံးကိစ္စရပ်များသည် ကွာဟချက်၊ မညီမျှချက်နှင့် တရားမျှတမှု မရှိခြင်းတို့ဖြစ်ကြောင်း အန်နီးက ပြောသည်။

ဂန်ဂျာက မိခင်တိုင်း၊ ကလေးတိုင်း၊ သက်ကြီး ရွယ်အိုတိုင်း၊ မသန်စွမ်းသူတိုင်းနှင့် ဒေသခံ အသိုင်းအဝိုင်းတိုင်း ညီမျှသည့် ကျန်းမာရေးစောင့်ရှောက်မှု ရသင့်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သောလက ကောက်ယူခဲ့သော ပြည်သူ့အမြင်စစ်တမ်းက ပရာဘိုဝိုသည် ထောက်ခံနှုန်း ၄၇ ရာခိုင်နှုန်းရရှိပြီး ၎င်း၏ပြိုင်ဘက် နှစ်ဦးထက် ထောက်ခံမဲ ပိုများကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ