ကျောက်ဖြူ ဖေဖော်ဝါရီ ၆

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ ဖူဆယ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်မှစတင်၍ ကျောက်ဖြူမြို့၊ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိသည်။

 

ထိုသို့ ကျင်းပလျက်ရှိရာ အသက်(၁၃)နှစ်အောက် ဖူဆယ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၎င်းအသင်းများအား အုပ်စု(၄)အုပ်စုခွဲ၍ ပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။ အဆိုပါဘောလုံးပြိုင်ပွဲအား မွန်းလွဲ (၂)နာရီမှစ၍ တစ်နေ့လျှင် ပွဲစဉ်(၆)ပွဲစီဖြင့် ပြိုင်ပွဲဝင်အသင်းများမှ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး အားကစားဝါသနာရှင် ဘောလုံးပရိတ်သတ်များနှင့် အသင်းနည်းပြအုပ်ချုပ်သူများက တစ်ခဲနက် အားပေးလျက်ရှိသည်။

 

ကျောက်ဖြူခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁၃)နှစ်အောက်ပွဲများဖြစ်သည့် ဖူဆယ် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ ဂိုးငယ် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ အသက်(၂၀)နှစ်အောက် ဘော်လီဘော အမျိုးသား/အမျိုးသမီးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးမှ သိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း