နေပြည်တော၊ ဖေဖော်ဝါရီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြောက်ရှားတောကျေးရွာရှိ တောင်သူဦးခင်မောင်လွင်၏ ဆောင်းသီးနှံ (၃)ဧက အာလူးစံပြကွက်ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာရှိ တောင်သူ ဦးစိုးမင်းထွန်း၏ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ သီးနှံရောနှော စိုက်ခင်း၊ နေကြာ စားတော်ပဲ (၃)ဧက စိုက်ခင်းနှင့် နေကြာ မတ်ပဲ(၃)ဧက စိုက်ခင်းတို့ကို ကြည့်ရှုအားပေးပြီး နေကြာနှင့် ပင်ခြားဝတ်မှုံကူးသည့် သီးနှံများတွင် ဝတ်မှုံကူးယှက်ရာတွင် ပျားနှင့် အခြားအင်းဆက် ပိုးများ၏ အရေးပါမှု၊ ပိုးသတ်ဆေးများကို ဆင်ခြင်သုံးစွဲရန်လိုအပ်ချက်များ၊ စိတ်ဝင်စားသူ တောင်သူများ ပျားမွေးမြူရေးလုပ်ငန်းတွင် စနစ်တကျ လုပ်ကိုင်နိုင်ရေးအတွက် ဌာနမှ လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးနေမှု၊ တောင်သူများ ဆွေးနွေးတင်ပြသော ကုန်ထုတ်လမ်း ခိုင်မာရေး လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန ပွင့်ဖြူမျိုးစေ့ခြံ၏ ရေဆင်းစပ် မျိုးနေကြာ(၁) မျိုးစေ့ထုတ် (၁၀)ဧကစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးနှင့်မွေးမြူ ရေးသိပ္ပံ(ပွင့်ဖြူ)ကျောင်း၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍအတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးပွားရန် လိုအပ်နေမှု၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် အဆင့်မြင့်စိုက်ပျိုးရေးပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး ကြိုးပမ်းသွားကြရန် အားပေးပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးထားသည့် ကုလားပဲနှင့် နေကြာ အကန့်လိုက် စိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို လေ့လာပြီး ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း၍ ရေချိုအရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေး၊ မကွေးတိုင်းဒေသကြီးနှင့် သင့်တော်သော မျိုးကို ရွေးချယ်မွေးမြူကြရန် လိုအပ်ချက်များ၊ မျိုး၊ မြေ၊ ရေနှင့် နည်းပညာပူးပေါင်းကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်