နေပြည်တော် ဖေဖော်ဝါရီ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည်  ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကျည်တောင် ဝက်မွေးမြူ ရေးခြံသို့ သွားရောက်ပြီး C.P အသားတိုးဝက်များမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

စီပီကုမ္ပဏီနှင့် ကျည်တောင်ကျေးရွာ မွေးမြူရေးတောင်သူများ ပူးပေါင်း၍ အဆင့်မြင့် မွေးမြူရေးခြံ (၈)ခြံတွင် C.P အသားတိုးဝက်များကို ဇီဝလုံခြုံ‌ရေးစည်းကမ်း ချက်များ နှင့်အညီ မွေးမြူလုပ်ကိုင်လျက်ရှိပြီး တစ်နှစ်လျှင်ပိသာချိန်(၆၀)ရှိ ဝက်ကောင်ရေ(၉၆၀၀) ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ဝက်ချေးမှ ဇီဝလောင်စာထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းအတွက် လျှပ်စစ်ဓါတ်အားထုတ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျည်တောင်ကျေးရွာအုပ်စု ကံဦးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရပုံငွေဖြင့် မွေးမြူရေးလုပ်ကိုင်နေသော ဥစားဘဲမွေးမြူရေး တောင်သူ၏ ကာကီကင်း ဥစားဘဲကောင်‌ရေ(၁၀၀၀၀)‌ မွေးမြူထားရှိမှုနှင့် ငါးမွေးမြူ ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊ ဈေး ကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ် မွေးမြူ ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန သင်တန်းခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်တွင်းအသားစားသုံးမှု ဖူလုံစေရေးနှင့် ထုတ်ကုန်အရည်အသွေးမြင့်မားပြီး တိုးမြှင့်ထုတ်လုပ်လာနိုင်စေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမ ပျောက်မတည်ထောက်ပံ့ငွေဖြင့် ငွေကြေးဆိုင်ရာ ကနဦးရင်းနှီးမြှုပ်နှံပေးပြီး အသားတိုး ကြက်၊ ဥစားဘဲနှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မွေးမြူလာစေရေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးယန္တရားကြီးကို အထောက်အကူပြုနိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ 

ထို့နောက် တိုင်းတာဝန်ခံက နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များက ကြုံတွေ့နေရသည့်အခက်အခဲ၊ မွေးမြူထုတ်လုပ် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌတို့က ပြန်လည်ဆွေးနွေးကြကာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်