နေပြည်တော် ဖေဖော်ဝါရီ ၆
(၇၇) နှစ်မြောက်ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား၊ ဖျာပုံမြို့နယ် သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတား ဖွင့်ပွဲအခမ်းအနားနှင့် ကျိုက်လတ်မြို့နယ် ဂွေးချောင်းကြီးတံတားဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနေရာများ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစု ကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ယခုဖွင့်လှစ်သည့် သူဌေးကုန်- တာပြတ်- ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓာတ်အားစနစ်တွင် ဆိုလာ ၁၆၈ ဒသမ ၉၆ ကီလိုဝပ်၊ အရံဒီဇယ် အင်ဂျင်စနစ် ၁၁၂ ကီလိုဝပ်ပါဝင်ပြီး စီမံကိန်းကို နိုင်ငံတော် ရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူမှ ၂၀ ရာခိုင်နှုန်း၊ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ကာ ZLT Super Electrical ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၁၀၀ ကျော်အကျိုးခံစားခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း က အမှာ စကားပြောကြားသည်။
ထို့နောက် သူဌေးကုန်-တာပြတ်-ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓါတ်အားပေးစနစ်ကို တာဝန်ယူ တည်ဆောက်ခဲ့သော ZLT Super Electrical ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ဆိုလာအသေးစားဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ZLT Super Electrical ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓါတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း လျှပ်စစ်ဓါတ်အားသွယ်တန်းထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြေားကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ကျေးရွာချင်းဆက် တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တံတားအားဖြတ်သန်း ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇) နှစ်မြောက် ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်လတ်မြို့နယ် ဂွေးချောင်းကြီးကျေးရွာအဝင် လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်တို့က တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားအားဖြတ်သန်း ကြည့်ရှုကြသည်။
အဆိုပါ ဂွေးချောင်းကြီးကျေးရွာအဝင် ကွန်ကရစ်တံတားသစ်သည် အရှည်ပေ ၅၀၊ အကျယ် ပေ၂၀ ရှိပြီး ပတ်ဝန်းကျင် ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၁၂၄၀ ၊ လူဦးရေ ၅၅၁၅ ဦးတို့ကို တိုက်ရိုက် အကျိုး ခံစားခွင့် ရရှိမည်ဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ စိုက်ပျိုးဧက ၅၄၀၀ ကျော်ကိုပါ လွှမ်းခြုံ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ စီးပွားဖြစ်လယ်ယာကုန် ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်