တောင်ကြီး ဖေဖော်ဝါရီ ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများထုတ်လုပ်မှုကြောင့်ဖြစ်ပေါ်လာသည့် လက်ရှိနောက်ဆက်တွဲပြသနာများကို အမှန်အတိုင်းသိရှိထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းမိသားစုဝင်များ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများ မခံရစေရေး အထူးသတိပြု နေထိုင်ကြစေလိုကြောင်း၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ၌ စိတ်ကောင်း စေတနာကောင်းထား၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို မျက်ခြေပြတ်မခံဘဲ စည်းစည်းလုံးလုံးအောင်မြင်အောင် အကောင်ထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဝေရာမီးပုံးပျံကွင်းအနီးရှိ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန အမှတ်(၂)မူလတန်းကြိုကျောင်း ဆောက်လုပ်မည့်မြေနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲသွေး နှင့် တာဝန်ရှိသူများနှင့်အတူ ဟိုပုန်းမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန သိုလှောင်ရုံ တည်ဆောက်နေမှုကို ကြည့်ရှူစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်