နေပြည်တော် ဖေဖော်ဝါရီ ၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ယခင် (၃၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ယခု အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက်အာမခံ အမျိုးအစားသစ်များ လျှောက်ထားလာခြင်းကိစ္စ၊ အာမခံကုမ္ပဏီတွင် အစုရှယ်ယာ ပိုင်ဆိုင်သူအမည် ပြောင်းလဲခွင့်ပြုရန်ကိစ္စ၊ ကျန်းမာရေးအာမခံနှင့် စုပေါင်းအသက် အာမခံတွင် ကိုဗစ်-၁၉ အတွက် အပိုဆောင်း အကာအကွယ် သက်တမ်းတိုးခွင့် ပြုရန်ကိစ္စ၊ ကုမ္ပဏီအမည်ပြောင်း လျှောက်ထားခြင်းကိစ္စ၊ ကော်ပိုရိတ် အသက်နှင့် အထွေထွေအာမခံ ကိုယ်စားလှယ်လိုင်စင် လျှောက်ထားခြင်းနှင့် လိုင်စင်ပြန်လည်အပ်နှံခြင်းကိစ္စ၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်ရုံးခွဲနှင့် ဌာနတွင်းအာမခံ ကိုယ်စားလှယ်သင်တန်းကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုရန်ကိစ္စများကို တင်ပြရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြသည်။
ထို့နောက် အာမခံကုမ္ပဏီမှ Chief Financial Officer ခန့်ထားခြင်းကိစ္စ၊ အာမခံ ကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခွင့်ပြုရေးကိစ္စ၊ အာမခံကုမ္ပဏီများမှ ကုမ္ပဏီရုံး ခွဲသစ် ဖွင့်လှစ်ခြင်းနှင့် ရုံးချုပ်တည်နေရာ ပြောင်းရွှေ့ခြင်းကိစ္စတို့ကိုတင်ပြရာ အဖွဲ့ဝင်များက မှတ်တမ်းတင်အတည်ပြုကြသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ၉ ခု၊ ဖက်စပ် အထွေထွေ အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ၆ ခုနှင့် မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် စုစုပေါင်း အာမခံကုမ္ပဏီ ၂၇ ခု၊ ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း (၂၃) ခုနှင့် ကော်ပိုရိတ်အထွေထွေအာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့ အစည်း (၂၂) ခုနှင့် လျော်ကြေးညှိနှိုင်းတွက်ချက်သည့် ကုမ္ပဏီ (၄) ခုတို့မှ အာမခံဝန်ဆောင်မှု များကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အသက်နှင့်အထွေထွေ အာမခံ အမျိုးအစား ၄၈ မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်