နေပြည်တော် ဖေဖော်ဝါရီ ၆

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး-(တောင်ကြီး)သို့ ရောက် ရှိပြီး ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ဆဲ (၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ဒေသန္တရကျန်းမာရေးဌာနသို့ ရောက်ရှိပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဌာနအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြား ဖြည့်ဆည်းပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ပြီး အသစ်ဖွင့်လှစ်ထားသော (၅)ထပ်ဆောင်သစ်၌ ဆေးကုသဆောင်များ ပြောင်းရွှေ့၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အရေးပေါ်နှင့်ပြင်ပလူနာ ဌာန၊ အထူးကုပြင်ပ လူနာဌာနနှင့် ကင်ဆာ ဓာတ်ရောင်ခြည်ဌာနသို့ သွားရောက်၍ လူနာများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး အထူးကုပြင်ပလူနာဌာနများ ဆောင်ရွက်နေမှုနှင့် ဓာတ်ရောင်ခြည်ကုသရေး လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ အထူးကု ပြင်ပလူနာဌာန အဆင့်မြှင့်တင်နိုင်ရေးနှင့် ဓာတ်ရောင်ခြည်ကုသမှုများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆေးတက္ကသိုလ်-တောင်ကြီးသို့  ရောက်ရှိပြီး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှဝင်းမြင့်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာန မှူးများ၊ သင်ကြားရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ဆေးပညာသင်ကြားရေး လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ဆက်လက်၍ တောင်ကြီးမြို့၊ သူနာပြု သင်တန်းကျောင်းသို့ ရောက်ရှိပြီး စာသင်ဆောင်၊ သင်တန်းသူ၊ သင်တန်းသား အဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ သင်တန်းသူ၊ သင်တန်းသားများ နေထိုင်စားသောက်မှု အဆင်ပြေစွာဖြင့် သင်ယူမှုများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်