နေပြည်တော်၊ ဖေဖော်ဝါရီ ၈

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး၊ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးသည့် ပြန်ပြည့်မြဲ စွမ်းအင် (Renewable Energy) ကို တိုးမြှင့်အသုံးပြုနိုင်ရေးသည် အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိရာ လက်ရှိဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ် အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း ၊ နေရောင် ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း ၊ အပူစွမ်းအင် (Gas+ LNG+ Coal)မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး (Electrification Ratio) မှာ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းကျော် ရရှိသုံး စွဲနေကြပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားပြီးသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၆ ရုံ ရှိပြီး တည်ဆောက်ဆဲစီမံကိန်း ၁၁ ခု ရှိပါကြောင်း၊ NREC ကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရေးနှင့် Green Growth, Green Energy, Green Economy ဖြစ်စေရေးတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

 ပြန်ပြည့်မြဲစွမ်းအင်ကို နည်းပညာအသစ်ဖြင့် ဆောင်ရွက်မှုအရ ထုတ်လုပ်မှုစွမ်းအားနှင့် စျေးနှုန်း သင့်လျော်မှုရှိခြင်းတို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဆိုပါက ပြန်ပြည့်မြဲစွမ်းအင်၏ အချိုးအစားသည် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် NDC အရ Conditional Target ကို ပြည့်မီစေရန် စိန်ခေါ်မှုများနှင့် အတားအဆီးအချို့ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ၊ နည်းပညာဆိုင်ရာပံ့ပိုးမှုများနှင့် လူသားအရင်းအမြစ်များ အရေးတကြီး လိုအပ်ပါကြောင်း၊ တက်ရောက်လာကြသော အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဌာန၊ အဖွဲ့အစည်းများတွင် ပြန်ပြည့်မြဲစွမ်းအင် ဆောင်ရွက်ထားရှိမှုများကို ထပ်ဆင့်မျှဝေပေးကြရန်နှင့် ‌ကော်မတီ၏ ရည်မှန်းချက် အောင်မြင်စေရန် ဝိုင်းဝန်းအကြံပြု ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊  သို့ပါ၍ တက်ရောက်လာသည့် ကော်မတီဝင်များ၏ ဆွေးနွေးမှုများမှ NREC ကော်မတီ၏ အနာဂတ် ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ကောင်းမွန်သော ရလဒ်များရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ အတွင်းရေးမှူးက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် NREC အထောက်အကူပြု လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေး တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်