မန္တလေး၊ ဖေဖော်ဝါရီ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေမွန်းလွဲပိုင်းတွင် မန္တလေးမြို့ ရတနာပုံ ခန်းမ၌ကျင်းပသည့် မန္တလေးရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသား ကျောင်းသူများအား “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော် တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မှတ်တမ်းဗီဒီယိုပြသ
ရှေးဦးစွာ ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများက အလှကမ္ဘာမြေသီချင်းဖြင့် ဖျော်ဖြေပြီး ‘‘တားဆီး ကာကွယ်မီဒီယာအဆိပ်သင့်အန္တရာယ်” နှင့် ‘‘နိုင်ငံတော် တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် လူငယ်များအနေဖြင့် နည်းပညာနှင့် နေ့စဉ်ထိတွေ့ ဆက်သွယ်ဆက်ဆံရကြောင်း၊ နည်းပညာခေတ်တွင် သတင်းများသည် အကန့်အသတ်မရှိ ထွက်ပေါ်လာကြောင်း၊ အချို့သော သတင်းမီဒီယာများသည် နိုင်ငံကို အမှောင်ထဲသို့ကျအောင် ချောက်ချလျက်ရှိသည်ကို တွေ့ရကြောင်း၊ သတင်းတု၊ သတင်းမှားများကြောင့် မလိုလားအပ်သည့် ပြဿနာများစွာ ဖြစ်ပေါ်နေပါကြောင်း၊ သတင်းမှားများကို ခွဲခြားသိရှိရှောင်ရှားပြီး သတင်းမှန်များကို ကောင်းမွန်စွာ အသုံးချတတ်မည်ဆိုပါက မိမိတို့နေ့စဉ်လူမှုဘဝအတွက် များစွာအကျိုးကျေးဇူးရှိမည် ဖြစ်ပါကြောင်း။
များစွာအရေးကြီး
အချို့သော သတင်းများသည် စိတ်ခံစားမှုကို အခြေမခံသင့်ဘဲ ဦးနှောက်နှင့် ချင့်ချိန်စဉ်းစား သင့်ပါကြောင်း၊ စိတ်ခံစားမှုများလာပါက အမှားကို အမှန်ထင်တတ်ကြောင်း၊ နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို သိရှိနားလည်စေရန်အတွက် မီဒီယာအခန်းကဏ္ဍသည် များစွာ အရေးကြီးပါကြောင်း၊ လူငယ်များသည် နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ရမည့် သူများဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင် ကြမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် အတွေးအခေါ်မမှားရန်နှင့် လမ်းမှား မရောက်စေရန်သည် အလွန်အရေးကြီးပါကြောင်း၊ အတွေးအခေါ် အမြော်အမြင်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်ရန် ပညာရေး၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း။
လူငယ်ကဏ္ဍသည် အရေးကြီးသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လည်း လူငယ်ကဏ္ဍကို အလေးထားပြီး မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် အချို့လူငယ်များသည် အတွေးအခေါ် အယူအဆများ လွဲမှားနေသည့်အတွက် လမ်းမှားသို့ ရောက်နေကြပါကြောင်း၊ တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုကို ဆောင်ရွက်ကာ လူငယ်များက တိုင်းပြည်တည်ဆောက်ရေးတွင် ကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘွဲ့ရပြီး နိုင်ငံ့တာဝန် ထမ်းဆောင်ချိန်တွင် နိုင်ငံ့အရေးကို ပါဝင်ဆောင်ရွက်စေလိုကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၏ အရေးကြီးပုံကို သိရှိနားလည်စေလိုပါကြောင်း၊ နိုင်ငံတော်၏ စေတနာ မှန်ကို နားလည်လက်ခံသိရှိပြီး နိုင်ငံ့ကောင်းကျိုးကို ရှေးရှုဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်ရတနာများဖြစ်သည့် ကျောင်းသား ကျောင်းသူ များအနေဖြင့် နိုင်ငံတော်က အားကိုး အားထားပြုထိုက်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြစေလို ပါကြောင်း ဆွေးနွေးပြောကြားသည်။
အားကောင်းအောင်ဆောင်ရွက်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က မီဒီယာ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်ကို ထိန်းကျောင်းပေးနေသည်မှာ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာဖြစ်ပါကြောင်း၊ ထို့ကြောင့် သတင်းမီဒီယာကဏ္ဍကို အားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သတင်းမှန်များကိုသာ စားသုံးသင့်ပြီး သတင်းမှားများကို အဆိပ်အတောက်ကဲ့သို့ သတ်မှတ်ရန် လိုအပ်ကြောင်းနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အနေဖြင့် နိုင်ငံတော်ကို တည်ဆောက် ရာတွင် အရေးကြီးသည့် လူ့အရင်းအမြစ် ဖြစ်သည့်အတွက် မိမိတို့ရရှိသိရှိထားသည့် သတင်းများကို နိုင်ငံတော်တည်ဆောက် ရေးအတွက် ကောင်းမွန်စွာ အသုံးချစေလို ပါကြောင်း ပြောကြားသည်။
သီဆိုဖျော်ဖြေ
ဆက်လက်၍ ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသားကျောင်းသူ များက “အနာဂတ်မြန်မာသို့” တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က အခမ်းအနားသို့ တက်ရောက် လာကြသည့် ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား MRTV DTH စလောင်း ငါးစုံနှင့် DVB T2 Set Top Box အလုံး ၁၀၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူ များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသည့် ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်၊ သူနာပြု တက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ပုသိမ်ကြီး)၊ ဆေးဘက်ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း တက္ကသိုလ်ကောလိပ် ၁၂ ခုတို့မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၉၀ တက်ရောက်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် Mingalar Mandalay Shopping Complex ရှိ Lotus Plaza ဧရိယာတွင် New Starlight Group of Companies မှ တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် စတုဒိသာ လှူဒါန်းခြင်းအစီအစဉ်သို့ ပါဝင်တက်ရောက်ပြီး ယင်း Complex ရှိ စျေးဝယ်ဧရိယာများ၊ Shopping Centre များ၊ Recreation Zone များသို့ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဝယ်ယူအားပေးနေမှုများကို ကြည့်ရှုခဲ့သည်။
သတင်းစဉ်