နေပြည်တော် ဖေဖော်ဝါရီ ၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသူ သင်တန်းသားများအနေဖြင့် မိမိတို့၏ဌာနဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး အရည်အသွေးနှင့် အရည်အချင်းပြည့်ဝကာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားပြီး ကျွမ်းကျင်သူပညာရှင်များ ဖြစ်လာရန်လိုအပ်ကြောင်း၊ မိမိတို့ တာဝန် ထမ်းဆောင်နေသည့် နေရာဒေသနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းလာစေရန် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း၊ မိမိတို့ဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျ သိရှိထားမှသာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ ပြည်သူတို့၏ ရပိုင်ခွင့်အခွင့်အလမ်းများကို အထောက်အကူပြုပေးရာတွင်ဖြစ်စေ ထိရောက်စွာ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က လက်ခံရယူကြ သည်။
ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)