ပုသိမ် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သာပေါင်း မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၀ မှ ပြည်သူ ၃၅၆ ဦး၊ အိမ်မဲမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၂ ခုမှ ပြည်သူ ၉၂၉ ဦး စုစုပေါင်း ၁၂၈၅ ဦး တက်ရောက်ပြီး လက်တွေ့ စမ်းသပ်မဲပေးလေ့လာကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသ ဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်းနှင့် မြန်မာအီလက် ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
( သတင်းစဉ် )