နေပြည်တော် ဖေဖော်ဝါရီ ၉
မြို့နယ်အခွန် ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၈၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက ယခုသင်တန်းတွင် အခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အခွန် စည်းကြပ်ခြင်းနှင့် ဆက်စပ်နေသော စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကိုအခြေခံ၍ အခွန်စည်းကြပ် ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းနှင့် ဆက်စပ်နေသော ပင်စင်အမှုတွဲအမျိုးမျိုး တည်ဆောက် ပုံများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ သိမှတ်စရာများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သိမှတ်စရာများကို စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး သင်ကြားပို့ချပေးခဲ့ကြောင်း၊ လုပ်ငန်းသဘော သဘာဝအရ အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အခွန်ထမ်းပြည်သူများက ပေးဆောင် ရမည့် အခွန်ငွေများကို တာဝန်သိ အခွန်ထမ်းပီသစွာ ပေးဆောင်လိုသည့် စိတ်ဆန္ဒရှိလာ အောင် အကောင်းဆုံး ဝန်ဆောင်မှုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်း၌ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို ဆုများ ချီးမြှင့်ကာ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းကို ရက်သတ္တ ၈ ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၈၀ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)