နေပြည်တော် ဖေဖော်ဝါရီ ၉
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တရားမဝင် ငွေလွှဲ လုပ်ငန်းများကို လျော့နည်းပပျောက်စေရန်နှင့် AML/CFT ဆိုင်ရာဆုံးရှုံးနိုင်ခြေအန္တရာယ်ကို သိရှိ နားလည်ပြီး ရှောင်ရှားမှုရှိနိုင်စေရန်၊ ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူ များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ငွေရေးကြေးရေး လွှဲပြောင်းပေးချေခြင်း ဆိုင်ရာကိစ္စရပ် များနှင့် လိုင်စင်လျှောက်ထားရာတွင်လိုအပ်သည့် Procedure များသိရှိနားလည်စေရန်၊ ပြည်ပငွေလွှဲ လုပ်ငန်းလုပ်ကိုင်ရာတွင် သိရှိရန်လိုအပ်သည့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေတို့ပါ ပြဌာန်းချက်များကို သိရှိနားလည်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်၍ သင်တန်းတက်ရောက်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိစေမည်ကြောင်းပြောကြားသည်။
အစီအစဉ်အရ သင်တန်းတက်ရောက်သူ (၈၅)ဦးအနက် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသားနှင့် သင်တန်းသူများကိုယ်စား ဆုရရှိသည့် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)