ရန်ကုန် ဖေဖော်ဝါရီ ၉
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ရန်ကုန်မြို့ ကမ်းနားလမ်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောက်ဖြုအထူးစီးပွားရေးဇုန်ကို နိုင်ငံတော်အစိုးရအနေဖြင့် မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းသည် နိုင်ငံအတွက် အရေးပါသည့် စီးပွားဇုန်တစ်ခုဖြစ်ကြောင်း၊ ထို့အတူ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည်လည်း နိုင်ငံတော်အတွက် အရေးကြီးသည့် စီမံကိန်းဖြစ်ပြီး အဆိုပါ စီမံကိန်းအတွင်း ရေနက်ဆိပ်ကမ်းနှင့်အတူ စက်မှုကုန်ထုတ် လုပ်ငန်းများနှင့် ရေနံဓာတုစက်ရုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အထူးစီးပွား ရေးဇုန်စီမံကိန်းနှစ်ခုလုံးတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည့် စက်မှု လုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် အတွင်းရေးမှူးဒေါက်တာကျော်ဆန်းဦးတို့က သက်ဆိုင်ရာဇုန် အတွင်း လက်ရှိဆောင်ရွက်နေမှုအခြေ အနေများကိုလည်းကောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများကိုလည်းကောင်း ရှင်းလင်တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောက်ဖြူနှင့်ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဇုန်အလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေး အတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စီမံကိန်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်သုံးသပ်ရန်နှင့် သုံးသပ်ချက် များအပေါ် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)