နေပြည်တော် ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မကွေး-နေပြည်တော်လမ်းမှ ဘုရားပြို(မြောက်)နှင့် (တောင်)ကျေးရွာ ကွန်ကရစ်လမ်း အရှည် ၁ မိုင် ၅ ဖာလုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပေပင်ရိုး-ပုဂံမျှော်လမ်း အရှည် ၆ ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ စီမံကိန်းများ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာပြီးစီးရေး မှာကြားပြီး ပေပင်ရိုး-ပုဂံမျှော်ကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်တင်ပြမှု များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)