နေပြည်တော် ဖေဖော်ဝါရီ ၉
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP)၏ ဆွေးနွေးပွဲအမှတ်စဉ်(၃၈)ကို “နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်များ” ခေါင်းစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက အွန်လိုင်းမှ လည်းကောင်း တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဝန်ထမ်း များ၏ ကျွမ်းကျင်မှုအရည်အသွေးတိုးတက်စေရန် ယခုကဲ့သို့ အသိပညာမျှဝေဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း၊ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များကို ဂရုပြုမှတ်သားပြီး ဝန်ထမ်းဆိုင်ရာကိစ္စရပ်များကို စစ်ဆေးဆောင် ရွက်ရာတွင် ထိရောက်စွာစစ်ဆေးနိုင်ခြင်းဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ အပ်နှင်းထားသည့် တာဝန်များနှင့်အညီ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းမှုတွင် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်သာ လွင်က ဝန်ထမ်းခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ နှစ်တိုးလစာ ထုတ်ပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ ခွင့်ခံစားခြင်း၊ အငြိမ်းစားယူခြင်း၊ ဝန်ထမ်းမှတ်တမ်းရေးသွင်းခြင်း စသည့်အကြောင်းအရာများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
(သတင်းစဉ်)