ရန်ကုန် ၁၀ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ (၁၀)ရက်မှ (၁၂)ရက်အထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ ဖွင့်ပွဲ အခမ်းအနား၌ တက်ရောက် လာကြသည့် ပြည်ထောင်စုဖွားတိုင်းသား ညီအကိုမောင်နှမများ၏ ပြည်ထောင်စု စိတ်ဓာတ်နှင့် စပ်လျဉ်းသည့် ရင်တွင်းစကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးမျိုးမြင့်အောင်(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး)
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ MSME လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေပြသရောင်းချတဲ့ ပွဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ(၁၀)ရက်ကနေ (၁၂)ရက်အထိ နံနက်(၉)နာရီမှညနေ(၆)နာရီ အထိ ဖွင့်လှစ်ရောင်းချပေးသွားမှာပါ။ ပြည်ထောင်စုနေ့မှာ ည(၁၀)နာရီခွဲအထိ နာမည် ကြီးအဆိုတော်တွေရဲ့ တေးဂီတဖျော်ဖြေပွဲ၊ တိုင်းရင်းသားရိုးရာကပွဲနဲ့ မီးရှူးမီးပန်းများ လည်းဂုဏ်ပြုပစ်ဖောက်သွားမှာဖြစ်ပါတယ်။ ပြီးတော့ လာရောက်တဲ့ပြည်သူများကို စတုဒီသာ ကျွေးသွားမှာပါ။

ကျွန်တော်တို့နိုင်ငံရဲ့ MSME လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ပစ္စည်းတွေကို အခုလိုပြပွဲကနေ ပြည်သူသိရှိ ရောင်းချနိုင်မှု ကနေ သူတို့လုပ်ငန်းတွေ ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြည်ပကတင်သွင်းတဲ့ သွင်းကုန်အစားထိုးပစ္စည်းများ လည်းဖြစ်ပါတယ်။ ဝယ်ယူသုံးစွဲမှုများလာတာဟာလည်း လုပ်ငန်းရှင်တွေအတွက် ဝမ်းသာစရာပါ။ နိုင်ငံတော်အတွက်လည်း အကျိုးရှိစေပါတယ်။ ယခုပြပွဲကိုလာရောက် ကြည့်ရှုပြီး ပျော်ရွှင်စွာဆင်နွှဲဖို့လည်း ဖိတ်ခေါ်ပါတယ်။ 
တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ပြည်ထောင်စုစိတ်ဓာတ်ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီထက်အရေးကြီးတာဘာမှမရှိပါဘူး။ တိုင်းပြည် ရေရှည်ရပ်တည်ခဲ့တယ်ဆိုတာ တိုင်းရင်းသားများရဲ့စည်းလုံးညီညွတ်မှုအားနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် အတိတ်၊ လက်ရှိနဲ့ အနာဂတ်ကာလမှ အရေးအကြီးဆုံးလည်းဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဟာအရေးပါပါတယ်။ ငြိမ်းချမ်းမှုနဲ့အညီ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်း ငြိမ်းချမ်းမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးပြီးတော့ လူနေမှုအဆင့်မြင့်မားလာမှာပါ။  အခြားသောနိုင်ငံများနဲ့လည်း ရင်ပေါင်တန်းနိုင်မှာပါ။

ဦးလျန်ကျင့်မန်(YRTC တွဲဘက်အတွင်းရေးမှူး)

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ရင်ပြင်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပတဲ့ MSME ဈေးရောင်းပွဲတော် ပြခန်းကို လာရောက်ကြည့်ရှုလေ့လာကြတဲ့ ပြည်သူများ ညပိုင်းမှာသွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုစိတ်ဓာတ်တွေ ရှင်သန်နေဖို့ လိုအပ်ပါတယ်။ ချစ်ခင်အေးချမ်းစွာနဲ့ အတူယှဉ်တွဲနေထိုင်ပြီး စည်းလုံးညီညွတ်စွာ နိုင်ငံတိုးတက်‌အောင်လက်တွဲဆောင်ရွက် ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒေါ်ညွန့်ညွန့်ရီ(မော်ကွန်းထိန်း - ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းရေးရာဌာန )

(၇၇)နှစ်မြောက် ပြည်ထောင်စုနေအကြို MSME ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ဖိတ်ကြားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ကျောင်းမှာ တိုင်းရင်းသားပေါင်းစုံရှိတဲ့အတွက်  ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ယနေလာရောက်တဲ့ပွဲမှာ အားလုံးပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ 

ပြည်ထောင်စုနေ့ဟာ မကြာခင်ရောက်ရှိတော့မှာပါ။ ပြည်ထောင်စုစိတ်ထားဟာ တိုင်းပြည်အတွက် အတိုင်းမသိအရေးပါပါတယ်။ ဒီနေ့ပွဲမှာဆိုရင် တိုင်းရင်းသား ပေါင်းစုံကို တွေ့မြင်ရတာဟာ ပြည်ထောင်စုစိတ်ထားကို နိုးကြားစေတဲ့အချက် တစ်ချက်ပါ။ တိုင်းရင်းသားလူငယ်တွေ စည်းလုံးညီညွတ်မှုကို တွေ့ရတဲ့အတွက် မျိုးဆက်သစ်ကျောင်းသား၊ လူငယ်တွေအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မြဲစေမယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှုရှိရင် နိုင်ငံငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းရင် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှာဖြစ်တာကြောင့် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်း မှုနဲ့ ပြည်ထောင်စုကြီးဆိုတာဟာ တစ်သွေးတစ်သားတည်းထွန်းလင်းနေမှာပါ။ ဒီနေ့မှာ စည်းစည်းလုံးလုံးနဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေကို တွေ့မြင်ရတာဟာ ရင်ထဲမှာ ဖော်ပြလို့မရအောင် ဝမ်းသာပီတိဖြစ်ရပါတယ်။

မနေခြည်လင်း(ရန်ကုန်ပညာရေးတက္ကသိုလ် - စတုတ္တနှစ်  ရှမ်းတိုင်းရင်းသူ)

ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲကို ဖိတ်ကြားပေးတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပပေးတာကိုလည်း အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စည်းလုံးညီညွတ်မှုဟာ အရေးကြီးပါတယ်။ ထင်းစည်းကိုချိုးဖို့ မလွယ်ကူပေမဲ့ အဲ့ဒီထင်းစည်းက ထင်းချောင်းတစ်ချောင်းထဲဆိုရင် ချိုးဖဲ့ဖို့လွယ်ကူ စေပါတယ်။ မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနေထိုင် နေမယ်ဆိုရင် ပြည်ပနိုင်ငံတွေ ဝင်ရောက်နှောက်ယှက်မှု မလုပ်ဆောင်နိုင်ပါဘူးလို့ ခံယူမိပါတယ်။ သမီးတို့ကျောင်းသူတွေအနေနဲ့  မြန်မာသာမက ကမ္ဘာကြီး စစ်မက်မရှိပဲ အေးချမ်းသာယာတာကို မြင်တွေ့လိုပါတယ်။

မဖူးသစ်အောင်(ရန်ကုန်ပညာရေးတက္ကသိုလ် - စတုတ္တနှစ် _ မွန်တိုင်းရင်းသူ)

ဒီနေ့လာရောက်ရတဲ့အတွက် လွန်စွာပျော်ရွှင်မိပါတယ်။ သမီးတို့ကျောင်းကို ဖိတ်ကြားပေးတဲ့အတွက်လည်း ဂုဏ်ယူကျေးဇူးတင်ပါတယ်။ အခုလို တိုင်းရင်းသား မောင်နှတွေကို တွေ့ရတာရင်ထဲမှာ ဖော်ပြလို့မရတဲ့ စိတ်ကြည်နူးမှုတစ်ခုကို ခံစားရပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိမှသာ ပြည်ထောင်စုဆိုတာဖြစ်လာတာပါ။ တိုင်းရင်းသားအားလုံးပေါင်းစုမှသာ မြန်မာနိုင်ငံဆိုတာဖြစ်လာတာပါ။ မြန်မာနိုင်ငံ ဆိုတာ တိုင်းရင်းသား ၁၃၅ မျိုးစုပေါင်း ထားတဲ့အင်အားလို့ ပြောရမှာပါ။ ငါ့တိုင်းရင်း သားဆိုပြီး ခွဲခြားမှုမရှိပဲ အခုလို ပြည်ထောင်စုနေ့ အထိမ်း အမှတ်ပွဲမှာ စည်းစည်းလုံးလုံး တစ်စုတစ်ဝေးတည်း တွေ့မြင်ရတာဟာ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုပြီးတန်ဖိုးထား လေးနက်စေပါတယ်။ နိုင်ငံငြိမ်းချမ်းသာယာပါစေလို့ သမီးနေ့တိုင်းဆုတောင်းပါတယ်။ တိုင်းပြည်အေးချမ်းသာယာမယ်ဆိုရင် ရှေ့တိုးတက်မယ့်လမ်းစတွေ အများကြီးမြင်မိပါ တယ်။ နိုင်ငံငြိမ်းချမ်းမှုမရှိခြင်းဟာ လူငယ်တွေအတွက်ထိခိုက်စေသလို နိုင်ငံလည်း ထိခိုက်ပါတယ်။ နိုင်ငံရှေ့မတိုးနိုင်တာဟာ ရောဂါခံစားနေရတဲ့ လူနာတစ်ယောက် လိုဖြစ်နေတာကြောင့် နိုင်ငံမကျန်းမာသလိုပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံ အမြန်ဆုံး ကျန်းမာပါစေလို့ နေ့တိုင်းဆုတောင်းပါတယ်။

မောင်မျိုးသန့်ကျော် ( တိုင်းရင်းသားဒီဂရီကောလိပ်- စတုတ္တနှစ်-နာဂတိုင်းရင်းသား)

တိုင်းရင်းသားညီအကိုမောင်နှမတွေကို အခုလိုတွေ့ရတာ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ချစ်စရာတိုင်းရင်းသားတွေနဲ့ စုဖွဲ့နေထိုင်နေတာပါလား ဆိုတဲ့အသိကိုလည်း သတိရစေပါတယ်။  ကျောင်းပြီးရင် အမိနိုင်ငံနဲ့ တိုင်းရင်းသား အကျိုးအတွက် လုပ်ငန်းခွင်ဝင်ပြီး တာဝန်ထမ်းဆောင်သွားဖို့ရှိပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ဟာ တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အလွန်အ‌ရေးကြီးပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ သစ်ပင်တစ်ပင် ဖြစ်မယ်ဆိုရင် ပြည်ထောင်စု တိုင်းရင်းသားတွေဟာ သစ်ပင်ရဲ့အကိုင်းအအခက်တွေပါပဲ။ ပင်စည်ရှင်သန်နေဖို့လိုပါတယ်။ ပြည်တွင်းငြိမ်းချမ်း‌ရေးရဖို့ဆိုရင် တစ်မူ၊ တစ်မင်း၊ တစ်သွေး၊ တစ်ဖဆိုတဲ့စိတ်ကိုဖယ်ရှားပြီး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်ဖို့ လိုအပ် ပါတယ်။ ပြည်ထောင်စုညီအကိုများကို ယနေ့မှာ ရောင်စုံတွေ့မြင်ရတာဟာ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ 

မဂျူးဂျူးထက်( လသာမြို့နယ် အမှတ် ၁ အထက်တန်းကျောင်း၊ Grade-9)

ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲမှာ ကျောင်းသူ၊ ကျောင်းသားတွေကို တွေ့မြင် ရပြီး ဘင်ခရာတီး ဝိုင်းနဲ့ဖျော်ဖြေခွင့်ရတဲ့အတွက်  ဝမ်းသာပျော်ရွှင်မိပါတယ်။ သမီးတို့ ကျောင်းကို ဖိတ်ကြားပေးတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိပါတယ်။ သမီးတို့ဘင်ခရာ အဖွဲ့ကို ဆုချီးမြှင့်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

တိုင်းရင်းသားညီအကိုမောင်နှတွေအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပြည်ထောင်စု ကြီး မပြိုကွဲအောင် ဆက်လက်ထိန်းသိမ်းသွားရမယ်လို့ ခံယူထားပါတယ်။ 

မဖြိုးအိသန္တာဝင်း( လသာမြို့နယ်၊ အမှတ် ၂ အထက်တန်းကျောင်း၊ Grade 8)
ဒီနေ့မှာ သူငယ်ချင်းတွေနဲ့အုပ်စုလိုက် ဘင်ခရာတီးဝိုင်းနဲ့ဖျော်ဖြေရတာ ဝမ်းသာ ကြည်နူးမိပါတယ်။ ဖေဖော်ဝါရီ(၁၂)ရက်နေ့ဆိုရင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ရောက်ပါပြီ။ ပြည်ထောင်စုနေ့ဆိုတာ တိုင်းရင်းသားအားလုံးကို တစ်စုတစ်စည်း တည်း တွေ့မြင်ရတဲ့နေ့လို့ မြင်မိပါတယ်။ တိုင်းရင်းသားအားလုံးကို တွေ့မြင်ရတဲ့အတွက် ‘လှပတဲ့မြန်မာ’ ဆိုတဲ့ သီချင်းထဲကလို ရောင်စုံပန်းတွေပွင့်နေတဲ့ပန်း ဥယျာဉ်ကြီးထဲက ပန်းတွေလိုပဲ တိုင်းရင်းသားတွေကို မြင်မိပါတယ်။ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်မှသာ နိုင်ငံတိုးတက်မှာဖြစ်တဲ့အတွက် ညီညွတ်စေချင်ပါတယ်။

ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး/ ရဲထွဋ်