နေပြည်တော် ဖေဖော်ဝါရီ ၁၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့ နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်းစီမံရေးဌာန(စတို)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက် ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ ဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ဓာတ်အားပေးစက်များပြုပြင် ထိန်းသိမ်း ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ နှစ်အလိုက်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင် ထားရှိမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်(၂)လုံးကိုပြင်ဆင်ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ဓာတ်အားပေးစက်(၁)လုံး ပြင်ဆင်နေဆဲကာလများတွင် လျှပ်စစ်ဓာတ် အားများကို ပြည့်ဝစွာထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် စုဆောင်းထားရှိသည့်ရေများကို အကျိုးရှိစွာအသုံးပြုပြီး စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ်ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊  စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် လုံခြုံရေးအဆင့်စီစဉ်ထားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဓာတ်အားပေးစက်ရုံရှိ တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားပေးစက်အကြီး စားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်း လောင်းတမံရေပိုလွှဲတွင် အလျား (၁၄၀ ဒသမ ၅) မီတာ၊   (၁ ဒသမ ၅) မီတာအမြင့်  Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းအားဖြင့် မူလကန်ရေပြည့် ရေလှောင်ပမာဏ(၅ ဒသမ ၄၉)သိန်း ဧကပေမှ (၅ဒသမ ၇၀) သိန်းဧကပေအထိ ရေလှောင်ပမာဏ(၂၁၀၀၀) ဧကပေခန့် ပိုမိုသိုလှောင်ပြီး လျှပ်စစ်ထုတ်လုပ်မှုယူနစ် တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လျှပ်စစ်ယူနစ် (၈)သန်းပိုမိုထုတ်လုပ်နိုင်မှု၊ ပေါင်းလောင်းရေလှောင်တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှု၊ ပေါင်းလောင်းရေ ပိုလွှဲ HED တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးရန် လျာထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင် ရန် ဂိတ်တံခါးတပ်ဆင်ခြင်းလုပ်ငန်းပြီးစီးမှု၊ တမံ၏ကြံ့ခိုင်မှုနှင့် ဝန်ထမ်းအိမ်ရာလိုင်းခန်းများကို  ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်းစီမံရေးဌာန(စတို)သို့ရောက်ရှိပြီး စတိုတွင်းထား သိုမှုများကိုသတ်မှတ်ထားမှုအတိုင်း ဆောင်ရွက်ရန်နှင့် စာရင်းရေးသွင်းမှုကို အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ကြောင်း၊ အထက်မြန်မာပြည်တွင် အသုံးပြုမည့် မီတာများအတွက် မီတာ စမ်းသပ်မှုများပြုလုပ်ရန် စမ်းသပ်ကိရိယာများ ရောက်ရှိနေပြီဖြစ်သည့်အတွက် လုပ်ငန်းစဉ်များအ တိုင်းဆောင်ရွက်နိုင်ရန် ပစ္စည်းလိုအပ်ချက်၊ လူလိုအပ်ချက်များတွက်ချက်၍ အမြန်ဆုံးအကောင်အ ထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားပြီး ပစ္စည်းစီမံရေးဌာန(စတို)အတွင်း ထိန်းသိမ်း ထားရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဓာတ်အားခွဲရုံများနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး များအတွက် အသုံးပြုရန် စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိနေရာချထားမှုနှင့် နေပြည်တော်တွင် မီတာများစမ်းသပ်စစ်ဆေးနိုင်ရန်အတွက် စက်ကိရိယာများ တပ်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်