ဖေဖော်ဝါရီ ၁၃
အမေရိကန်နိုင်ငံတွင် ယခုနှစ်ရာသီတုပ်ကွေးဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၁၅၀၀၀၊ ရာသီတုပ်ကွေးဖြစ်ပွားသူ ၂၂ သန်းထက်မနည်းရှိပြီး ဆေးရုံတက်ကုသမှုခံယူသူ ၂၅၀၀၀၀ ရှိကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ စီဒီစီ၏နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန်နိုင်ငံ၏ အချို့သောဒေသများတွင် ရာသီတုပ်ကွေးဖြစ်ပွားမှု ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၃ ရက်နေ့ကုန်ဆုံးသည့် နောက်ဆုံးသီတင်းပတ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသောကလေးလူနာ ရှစ်ဦးသေဆုံးခဲ့ရာ ကလေးလူနာသေဆုံးသူပေါင်း ၇၄ ဦးရှိလာသည်ဟု စီဒီစီကဆိုသည်။ ထိုသီတင်းပတ်အတွင်း တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ကုသမှုခံယူသူ ၁၁၀၀၀ ကျော် ရှိကြောင်း စီဒီစီတွင် ဖော်ပြထားချက်အရသိရသည်။ တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသည့်ကာလပတ်လုံး အသက် ခြောက်လနှင့်အထက်ရှိသူတိုင်း နှစ်စဉ်တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံကြရန် စီဒီစီက အကြံပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို