ဖေဖော်ဝါရီ ၁၃
လာအိုနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ခြောက်သန်းကျော်ရှိမည်ဟု မျှော်မှန်းထားကြောင်း လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မျှော်မှန်းထားသည်။ ထိုဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် ပြည်တွင်းခရီးသွား ၂ ဒသမ ၂ သန်းကျော်နှင့် နိုင်ငံခြားခရီးသွား ၄ သန်းခန့်ကို ဆွဲဆောင်ရန်နှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ဝင်ငွေရရှိရန် ရည်ရွယ်ကာအစီအစဉ်တစ်ခုချမှတ်ထားသည်ဟု ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဒုတိယဝန်ကြီး၏ပြောကြားချက်ကိုကိုးကားပြီး လာအိုသတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။ အာဏာပိုင်များက လာအို၊ အင်္ဂလိပ်၊ တရုတ်ဘာသာတို့ဖြင့် ၂၀၂၄ ခုနှစ်တွင် လာအိုခရီးသွားနှစ်ဟု ကြော်ငြာရန်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာသတင်းအချက်အလက်လက်ကမ်းစာစောင်များကို ခရီးသွားများထံဖြန့်ဝေပေးရန် စီစဉ်ထားသည်။ လာအိုနိုင်ငံရှိခရီးသွားလုပ်ငန်းတိုးတက်ရန် ခရီးသွားကဏ္ဍရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန်နှင့် လူမှုမီဒီယာပလပ်ဖောင်းများပေါ်ရှိခရီးသွားနေရာများတွင်လည်း ကြော်ငြာသွားရန် အာဏာပိုင်များက စီစဉ်ထားသည်။ လာအိုခရီးသွားနှစ် ၂၀၂၄ ခုနှစ်တွင် နိုင်ငံအဆင့် ပြပွဲ ၁၄ ခုနှင့် ပြည်နယ်အဆင့် ပြပွဲ ၆၅ ခုအပါအဝင် ပြပွဲများနှင့် လှုပ်ရှားဆောင်ရွက်မှုပေါင်း ၇၉ ခု ပြသသွားမည်ဟု သိရသည်။ ခရီးသွားလုပ်ငန်းအပြင် လာအိုခရီးသွားနှစ်သည် လာအိုနိုင်ငံ၏ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကိုပြသရန်နှင့် လာအိုနိုင်ငံ၏ ရှည်လျားသောသမိုင်းကြောင်းနှင့် သဘာဝ အရင်းအမြစ်များကို ရေရှည်အသုံးပြုနိုင်ရန် ခရီးသွားများအား အသိပေးရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို