၂၄ ဖေဖော်ဝါရီ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (ခ) ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် သြစတြေးလျ၊ လာအို၊ ဗီယက်နမ်၊ အီရန်၊ အုပ်စု (ခ) တွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ မြန်မာ တို့ ပါဝင်နေပြီး အုပ်စု (က) ကို လာအို၊ အုပ်စု (ခ) ကို မြန်မာနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (ခ) ပွဲစဉ်များကို တစ်နေ့လျှင် နှစ်ပွဲနူန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် ပထမပွဲ၊ ညနေ ၆ နာရီတွင် ဒုတိယပွဲ ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်၊ မတ် ၁ ရက်တွင် ဖိလစ်ပိုင်နှင့် တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၊ မတ် ၃ ရက်တွင် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်းသည် ပွဲအားလုံးကို ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ယင်းခြေစစ်ပွဲယှဉ်ပြိုင်ရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး နောက်ဆုံးပြင်ဆင်မှုအဖြစ် ဖေဖော်ဝါရီ ၉ ရက်မှ ၁၇ ရက်အထိ သြစတြေးလျနိုင်ငံတွင် သွားရောက်လေ့ကျင့်ခဲ့သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ယင်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး သြစတြေးလျ ယူ-၁၇ အသင်းကို နှစ်ပွဲစလုံးရှုံးခဲ့သော်လည်း သြစတြေးလျကလပ် ဘရစ္စဘိန်းရိုအာအမျိုးသမီးအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်နေပြီး ခြေစစ်ပွဲပထမအဆင့်အောင်မြင်ခဲ့သည့် ကစားသမားအများစုဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါက်တာအောင်ကျော်ဦး၊ နည်းစနစ်အကြံပေး-ဦးအေးမောင်ကြီး၊ နည်းပြချုပ်-ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြ-ဒေါ်နွယ်နွယ်တိုး၊ ဂိုးနည်းပြ-ဒေါ်မေခင်ယမင်း၊ ကစားသမားများအဖြစ် ဂိုးသမား-ပိုးဥ၊ စိမ်းလဲ့လဲ့ဦး၊ ခင်မြတ်နိုး၊ နောက်တန်း-နော်လာအယ်ဝါ၊ ဝင်းဝင်းလဲ့၊ ဖြူဖြူဝင်း၊ ဆောင်းနှင်းဖွေး၊ ကေကေ၊ မေသက်မွန်မြင့်၊ မေသွေးကို၊ မေသူခိုင်၊ အလယ်တန်း-သန်းသန်းစိုး၊ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ ဝေဖူးအိမ်၊ ဂျုလိုင်ချာ၊ ရတနာဦး၊ နှင်းပွင့်အေး၊ ဇင်မာထွေး၊ ရှေ့တန်း-မြတ်နိုးခင်၊ ဆွေမာအောင်၊ ဆုပြည့်ပြည့်ကျော်၊ ရွှေဇင်မင်းတို့ ပါဝင်ကြသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်