မုံရွာ ဖေဖော်ဝါရီ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ 

 

ဦးစွာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းထောက်ပံ့ငွေကျပ် (၂၉၀၀၀၀၀) အား ပေးအပ်ကာ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားသည်။ 

 

အဆိုပါသင်တန်းသည် ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁၉) တပ်မတော်ဆေးရုံ၊ ခုတင်(၁၀၀)သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူနေကြသော လူနာများအား လိုက်လံကြည့်ရှုအား ပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၃၀၀)တန်ဖိုးရှိ ဆေးဝါးများအား ပေးအပ်လှူဒါန်းရာ အမှတ်(၁၉) တပ်မတော်ဆေးရုံ၊ ခုတင်(၁၀၀)မှတပ်မှူးနှင့် ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးတို့က လက်ခံရယူခဲ့သည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ်သည် ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား/ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှုများအား ဟုမ္မလင်းခရိုင် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။

 

ထို့နောက် ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးသိပ္ပံသို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ရာ အစားအသောက်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးသိပ္ပံကျောင်းရုံးခန်းတွင် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ကျောင်း၏ သင်ကြားရေး၊ အုပ်ချုပ်ရေးနှင့် စားသောက်နေထိုင်ရေးဆိုင်ရာများကို ဆွေးနွေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူများ စားသောက်ရေးအတွက် အသုံးပြုရန် ငွေကျပ် (၃၇၂၀၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)