နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ရွေးချယ်ခန့်ထားပြီးသော ဥပဒေအရာရှိသစ်များကို ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေနှင့်အညီ လုပ်ငန်းခွင်ဝင် သင်တန်းပေးပါကြောင်း၊ အစိုးရရှေ့နေတစ်ဦးအနေဖြင့် အရည်အချင်းပြည့်ဝရန် လိုအပ် ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် (၂၀၂၀-၂၀၂၄)ခုနှစ် တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်းနှင့်အညီ ဥပဒေဝန်ဆောင်မှုပေးနေသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ ဥပဒေမူကြမ်းများကို စိစစ်အကြံပေးခြင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ၊ စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်အကြံပေးခြင်း၊ တရားစွဲအမှုလိုက်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိသော ဥပဒေရေးရာကိစ္စရပ်များကို ဥပဒေအကြံပေးခြင်း၊ တရားစွဲအမှုလိုက်လုပ်ငန်းမျာ တွင်လည်း နိုင်ငံတော်သက်မှ လိုက်ပါဆောင်ရွက်ခြင်းစသည့် ဥပဒေဝန်ဆောင်မှုအမျိုးမျိုးကို ပေးအပ်လျက်ရှိကြောင်း၊ ထို့ပြင် ဥပဒေ ဝန်ဆောင်မှုအနေဖြင့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (MLIS)ကိုလည်းတည် ထောင်ထားရှိကြောင်း၊ သင်တန်းတွင် သင်တန်းသားများ သိသင့်သိထိုက်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းနှင့် တရားစွဲအမှုလိုက်ကိစ္စများ၊ တရားခွင်သရုပ်ပြသခြင်း၊ မဟာဗျူဟာစီမံကိန်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသောတရား စီရင်ရေး ဆိုင်ရာစံနှုန်းများဖြင့် ပြည့်ပြည့်စုံစုံ ပို့ချပေးမည့်အပြင် ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်ကြီးကို ဖိတ်ခေါ်၍ ပို့ချ ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချ ချက်များကို ကြိုးစားသင်ယူလေ့လာမှတ်သားကာ ပြည်သူများအတွက် ထိရောက်သော ဥပဒေဝန်ဆောင်မှုများပေးနိုင်သော ဥပဒေအရာရှိကောင်းများ ဖြစ်စေရန်နှင့် နိုင်ငံတော်နှင့် ဌာနအတွက် တန်ဖိုးရှိသော ဥပဒေအရာရှိများဖြစ်လာစေရန် အားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး သည် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် တရားရုံးများက စုံစမ်းထောက်လှမ်းမှု၊ စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေးစီရင်မှုဆောင်ရွက်ဆဲကာလအတွင်း သိမ်းဆည်းထားသော သက်သေခံပစ္စည်းများကို သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူပယောဂကြောင့်ဖြစ်စေ ပျက်စီးပျောက်ဆုံးမှု၊ တန်ဖိုးယုတ်လျော့မှုနှင့် အလွဲသုံးစားမှုမရှိစေရေးတို့အတွက် ရည်ရွယ်၍ လည်းကောင်း၊ Financial Action Task Force(FATF) သို့ပေးပို့သည့်အစီရင်ခံစာတွင် တိုးတက်မှုအခြေအနေကို ထည့်သွင်းဖော်ပြရန်ရှိသဖြင့် လည်းကောင်း သက်သေခံပစ္စည်းများစီမံ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေး နှင့်စီမံခန့်ခွဲရေးဥပဒေ(မူကြမ်း)သည် လက်ရှိအခြေအနေတွင်လိုအပ်ပြီး ပြဋ္ဌာန်းရန်သင့်သည့် ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်