နေပြည်တော် ဖေဖော်ဝါရီ  ၁၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် သည် ဖေဖော်ဝါရီ၁၃ ရက်မှ ၁၄ ရက်အထိ  မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၊ စက်ခေါင်းပြင် စက်ရုံ(မန္တလေး)၊ ဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဉီးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေကို RBE ရထားဖြင့် လိုက်ပါ စီးနင်း၍ စစ်ဆေးပြီး ရထားလမ်းဘေး ဘယ်/ညာ နှင့်ဘူတာယာဒ်ဝင်းရှိ အမှိုက်များ ရှင်းလင်းရန်၊ လမ်းပိုင်းအတွင်း ကျောက်နည်းသည့် နေရာများတွင် ကျောက်ဖြည့်သွင်း၍ စနစ်တကျ ပက်ကင်ရိုက်ရန်၊ Alignmentနှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင်ရွက် သွားရန်၊ တံတားများတွင် ဆွေ့မြေ့နေသည့် သစ်သား ဇလီဖားများ လဲလှယ်သွားရန်၊ တံတားတစ်ခုစီအလိုက် အောက်ခြေသံဘောင်အထိုင် ကောင်း/မကောင်း ၊ တံတားရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ကောင်း/ မကောင်း စစ်ဆေးသွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(မန္တလေး)သို့ သွားရောက် စစ်ဆေးပြီး စက်ခေါင်းများပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင်ပြုပြင်ရန်၊ Spare Parts များ လုံလောက်မှုရှိစေရန်နှင့် စက်ရုံဝန်းအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်နှင့် ဇလီဖားပေါင်းစက်ရုံ(မြို့ဟောင်း)မှ အထူးဇလီဖားတုံးများ၊ လမ်းပိုင်းဇလီဖားတုံးများ အချိန်မီထုတ်လုပ်ပေးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် မန္တလေးရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများ စစ်ဆေးပြီး ဝန်ထမ်း လိုင်းခန်းအတွင်း သောက်/သုံးရေ လုံလောက်စွာရရှိရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊ မြန်မာ့မီးရထား ဆေးရုံ၊ ဆေးခန်းများ၌ ဝန်ထမ်းမိသားစုများ ဆေးကုသနိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ အိမ်ရာကြီးကြပ်ရေး အဖွဲ့စနစ်တကျဖွဲ့စည်း၍ ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်