နေပြည်တော် ဖေဖော်ဝါရီ ၁၅
တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများအား လုပ်ငန်းဆိုင်ရာ အသိပညာမြှင့်တင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွှန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီး ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနမှူးများအနေဖြင့် စက်မှုဝန်ကြီးဌာန၏ကိုယ်စား တိုင်းဒေသကြီး ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သဖြင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကိုသိရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ဦးတည်ချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဘွိုင်လာ၊ လျှပ်စစ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်၊ စက်မှုလုပ်ငန်း များကြီးကြပ်ရေး၊ MSME များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရသည့်အတွက် တိတိကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း။
သင်တန်းပြီးဆုံးပါက သင်တန်းနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ သို့မှသာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ထပ်မံဖွင့်လှစ်ပါက လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စွမ်းဆောင်မှုမြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစီးဌာန၊ စက်မှု လုပ်ငန်းများအနေဖြင့် စဉ်ဆက်မပြတ် ပြုလုပ်ပေးမှသာ ခေတ်မီနည်းပညာရပ်များကို ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတများကို ပြန်လည်အသုံးပြုကြရမည်ဖြစ်ကြောင်း မှာကြားပြီး ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
အဆိုပါ လုပ်ငန်းဆိုင်ရာ အသိပညာမြှင့်တင်မှုသင်တန်းကို နှစ်ရက်ကြာပြုလုပ်သွား မည်ဖြစ်ပြီး သင်တန်းတွင် စက်မှုဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများက စက်မှုဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ဦးစီးဌာန၊ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)