ပုသိမ် ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲ ပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကျောင်းကုန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၀ ခုမှ ပြည်သူ ၆၂၄ ဦး၊ ဖျာပုံမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ ခုမှ ပြည်သူ ၇၀၀ စုစုပေါင်း ၁၃၂၄ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ က MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။
စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက် ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကို ပေးခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)