နေပြည်တော် ဖေဖော်ဝါရီ ၁၅
သီးနှံတစ်မျိုးတည်း စိုက်သည်ထက် ထိခိုက်ပျက်စီးမှုနည်းပါးပြီး ခံနိုင်ရည်ရှိစေမည့် သီးနှံ ၂ မျိုး၊ ၃မျိုးခန့်ဖြင့် အကန့်လိုက်စိုက်ပျိုးသည့် strip Cropping စနစ်နှင့် ရေစီမံခန့်ခွဲမှု ကောင်းစေသည့် ဘောင်ကြီးတင်စနစ်ကို တောင်သူများကျင့်သုံး ဆောင်ရွက်နိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူစိုက်ကွင်းတွင် နည်းပညာပေးစံနမူနာပြ စိုက်ပျိုးဆောင်ရွက်ထားရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် များမှ စိုက်ပျိုးရေးနည်းပညာပေးဝန်ထမ်းများနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနဝန်ထမ်းများ လာရောက် လေ့လာကြသည်။
လေ့လာရေးအဖွဲ့အား ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ကြောင့်ဖြစ်စေ၊ သီးနှံဈေးနှုန်း မငြိမ်သက်မှုကြောင့်ဖြစ်စေ တောင်သူများ၏ဝင်ငွေ အကျိုး စီးပွားကို ထိခိုက်မှုမရှိစေရန် သီးနှံ ၂မျိုး၊ ၃မျိုးကို အကန့်လိုက် စိုက်ပျိုးသည့် strip Cropping စနစ် ကို နမူနာပြစိုက်ပျိုးပြသပြီး နည်းပညာဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း၊ သီးနှံ ၂ မျိုး၊ ၃ မျိုးခန့် တွဲဖက်စိုက်ပျိုး ခြင်းဖြင့် သီးနှံတစ်ခုထိခိုက်ခဲ့ပါက အခြားသီးနှံက ဝင်ငွေပြန်လည်ကာမိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အလားတူ ကန်သင်းနှင့် စိုက်ကွက်အနားသပ် မြေလွတ်နေရာများတွင်လည်း ဝင်ငွေရသီးနှံများ စိုက်ပျိုးကြ ရန်လိုကြောင်း၊ ယခုစိုက်ပျိုးပြသထားသည့် စိုက်ကွက်တွင် သီးနှံ(၁၈)မျိုး စိုက်ပျိုးထားရှိရာ နေပြည်တာ် ကောင်စီနယ်မြေတွင် ဖြစ်ထွန်းအောင်မြင်မှုကို အကဲဖြတ်၍ ဒေသရာသီဥတုနှင့် ကိုက်ညီသော သီးနှံပုံစံများကို ဖော်ထုတ်တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏စားသုံးဆီဖူလုံရေး စီမံဆောင်ရွက်မှုကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရန်နှင့် ဈေးကွက်တွင်လိုအပ်ချက်ရှိနေသည့် ဆီထွက်သီးနှံကို ဤစနစ်နှင့်တွဲဖက်၍ ပိုမိုတိုးချဲ့စိုက်ပျိုးကြခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွားပိုမိုတိုးတက် မြင့်မားလာစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများက သီးနှံအကန့် လိုက်စိုက်ပျိုးသည့် strip Cropping စနစ်စိုက်ကွင်းနှင့် ဆီထွက်သီးနှံနေကြာမျိုးယှဉ်ပြိုင် ကွက်များအတွင်း လေ့လာရေး အဖွဲ့ဝင်များအား လိုက်လံရှင်းလင်းပြသပြီး နည်းပညာရပ်ဆိုင်ရာများကို အသေးစိတ်ရှင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)