ရန်ကုန်     ဖေဖော်ဝါရီ     ၁၅

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကြီးမှူး ၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်ည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်း(Project on Strengthening National Quality Infrastructure and Implementation of National Certification Body for Certifying Products, Processes and Services) စတင်ခြင်းအခမ်းအနားနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်း ဖိုရမ် (Stakeholders Engagement Forum on Standards and Quality for Trade Facilitation and Industry Development)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ MERCURE ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အမျိုးသားစံ ချိန်စံညွှန်းကောင်စီ အဖွဲ့ဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီအဖွဲ့ဝင် များမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများရှိ အရည်အသွေးထောက်ခံချက်ပေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူး Ms. Qiao Li နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွန်ကြား ရေးမှူးချုပ်  ဦးကျော်စွာတို့က အမှာစကား ပြောကြားကြသည်။

 

အဆိုပါစီမံကိန်းအရ အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်း စေနိုင်ကြောင်းနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေးထောက်ခံချက် ထုတ်ပြုရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေးကိုက် ညီမှုစစ်ဆေးရေးအဖွဲ့များဖြစ်သော အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့များ၊ စမ်းသပ်ဓါတ်ခွဲခန်းများ၊ စံကိုက်ညှိဓါတ်ခွဲခန်းများနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ မှတ်ပုံတင်ခြင်း (Registration)နှင့် အသိအမှတ်ပြုခြင်း (Designation) လုပ်ငန်းစဉ် များကို အမျိုးသားစံချိန်စံညွှန်းကောင်းစီ၏ အတည်ပြုချက်များဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်နိုင်ရန် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ထို့နောက် Stakeholders Engagement Forum ကို ကျင်းပရာ ပြည်တွင်းရှိ အရည် အသွေးစစ်ဆေးရေး ကိုက်ညီမှုစစ်ဆေးရေးလုပ်ငန်းစဉ်များကို Stakeholder များ၏ လုပ်ငန်းလိုအပ်ချက်များနှင့် လိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)