နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆိုင်ရာဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ပနိုင်ငံ များတွင် တာဝန်ထမ်းဆောင်ရာမှ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာ စကားပြောကြား၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြည်ပရောက်မြန်မာ နိုင်ငံသားအလုပ်သမား များအား ကာကွယ်ကူညီစောင့်ရှောက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံးများ ပူးပေါင်း ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး သံရုံးအကြီးအကဲများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ဆောင်ရွက်နေမှု၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးနေမှုနှင့် Online လိမ်လည်မှုများတွင် အသုံးချခံရသည့် နိုင်ငံခြားသားများအား ပြန်လည်လွှဲပြောင်းပေးပို့နေမှု အခြေအနေများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် ကုန်သွယ် ရေးမူဝါဒနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြည်ပနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေများများနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် အထူးစီးပွား ရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများက သက်ဆိုင်ရာနိုင်ငံများအလိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဖော်ဆောင်နေမှု၊ အလုပ်သမားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေပိုင်းတွင်ရပ်နားလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)