ရန်ကုန်၂၄ ဖေဖော်ဝါရီ
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် MFF Futsal League ပြိုင်ပွဲဝင် MIC အသင်းကစားသမား ခင်ဇော်လင်းအနေဖြင့် ထိုင်းဖူဆယ်ကလပ် ဆူရတ်တနီအသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် သွားရောက်ကစားရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ပြည်ပထွက်ကစားသည့် ပထမဆုံး ဖူဆယ်ကစားသမား ဖြစ်လာခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် MIC အသင်းတို့တွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ဆူရက်တနီ အသင်းက ၎င်း၏ခြေစွမ်းကို စမ်းသပ်ရန်အတွက် ဖေဖော်ဝါရီ ၃ ရက်က ဆူရတ်တနီအသင်းတွင်သွား ရောက်ကစားခဲ့ပြီးနောက် ၎င်း၏ခြေစွမ်းကို သဘောကျသည့်အတွက် ရာသီဝက်အငှားစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့်ကို ဆူရက်တနီအသင်းက တစ်နှစ်စာချုပ်ချုပ်ဆိုဖို့ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့် မိခင် ကလပ်အသင်းဖြစ်တဲ့ MIC အသင်းနဲ့ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ချင်လို့ ကျွန်တော် ရာသီဝက်ပဲ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာပါ။”ဟု ခင်ဇော်လင်းက ပြောပြသည်။
ထိုင်းဖူဆယ်လိဂ်ပြိုင်ပွဲအနေဖြင့်လာမည့် မတ်လ ဒုတိယရက်သတ္တပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဆူရက်တနီအသင်းသည် ပြီးခဲ့သည့်နှစ်က ထိုင်းဖူဆယ်လိဂ်ပြိုင်ပွဲတွင် အဆင့် ၃ နေရာတွင်ရပ်တည်နိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်သည်။
ခင်ဇော်လင်း၏ မိခင်ကလပ်ဖြစ်သည့် MIC အသင်းသည်လည်း MFF Futsal League ပြိုင်ပွဲတွင် ပွဲစဉ် ၁၉ ပြီးဆုံးချိန်တွင် ရာနှုန်းပြည့်နိုင်ပွဲများဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိနေကြောင်း သိရသည်။
MDN