မုဒုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားကစားနည်း(၅)မျိုးကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခမဲ့ သင်ကြားဖွင့်လှစ်သွားမည် ဖြစ်သည်။
အဆိုပါသင်တန်းများကို ကျောင်းသား ကျောင်းသူများ၊ မြို့နယ်အတွင်းရှိ အားကစား ဝါသနာရှင် လူငယ်မောင်မယ်များ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေပြီး အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပြည်နယ်အတွင်း ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဘောလုံးအားကစားနည်း၊ ဖူဆယ်အားကစားနည်း၊ ကြက်တောင်ရိုက် အားကစားနည်း၊ ဘတ်စကတ်ဘော အားကစားနည်း၊ ဂေါက်သီးရိုက် အားကစားနည်း (၅)မျိုးအပြင် အခြားအားကစားနည်းများကိုလည်း ဖေဖော်ဝါရီ ၂၃ မှ မတ် ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နီစံထံမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)