၂၅ ဖေဖော်ဝါရီ

 

“မြန်မာနိုင်ငံ၏      ရေရှည်တည်တံ့ခိုင်မြဲပြီး    ဟန်ချက်ညီသော    ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း”  နှင့်  “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း” တို့တွင် အစိုးရအနေဖြင့် မြန်မာနိုင်ငံကို လုပ်သာကိုင်သာရှိသော၊ ခန့်မှန်းလွယ်သော၊ ရှင်းလင်းလွယ်ကူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်သစ် ဖန်တီးပေးရေးကို အဓိကအခန်းကဏ္ဍအဖြစ် ခံယူသကဲ့သို့ လက်တွေ့တွင်လည်း အကောင်အထည်ဖော်လျက်ရှိပါသည်။

 

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမှုရှိပြီး ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများက နိုင်ငံ၏စီးပွားရေး အနာဂတ်အလားအလာ ဖော်ဆောင်ရာတွင်  ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ တွန်းတင်ရန်အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း ပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလမ်းစကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ ရေ၊ မြေ၊ သဘာဝနှင့် ပတ်ဝန်းကျင်ကောင်းများရှိသော ရခိုင်ပြည်နယ်တွင် ဂွ၊ သံတွဲ၊ မာန်အောင်ကျွန်းကဲ့သို့ ပင်လယ်ကမ်းခြေခရီးသွား လုပ်ငန်း အလားအလာကောင်းများရှိသည်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသအဖြစ်  ဖော်ဆောင်နေသည့်  မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသရှိသည်။ ခရီးသွားလုပ်ငန်းသည် ရခိုင်ဒေသ၏ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာသို့အသိပေးခြင်းဖြင့် မြှင့်တင်ပေးနိုင်သည်။

 

မြေအနေအထားကောင်းသော စိုက်ပျိုးရေးလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ အဝတ်အစားနှင့်  အထည်အလိပ်ထုတ်လုပ်သည့်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊  သစ်တောလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းများရှိသည့် လုပ်ငန်းများဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွက် စီးပွားဖြစ် ထုထည်ပမာဏကြီးမားသော လုပ်ငန်းမှာ  ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းဖြစ်သည်။ ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များသည် လာမည့်နှစ်တွင် စီးပွားဖြစ်ထုတ်လုပ်မှု  စတင်နိုင်လိမ့်မည်ဟု  မျှော်လင့်ထားသည်။  အဆိုပါအရင်း အမြစ်များမှ အချို့အပိုင်းကို  ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အထောက်အပံ့ပေးနိုင်မည့်အပြင် စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း ထုတ်ကုန်များအား  တန်ဖိုးမြှင့်ထုတ်လုပ်ပြီး  ပြည်ပသို့တင်ပို့နိုင်သော လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ကဲ့သို့ စီးပွားရေးအခွင့်အလမ်းများ ပိုမိုပွင့်လင်းလာမှု၊  အလားအလာကောင်းများပေါ်ထွက်လာမှု၊  အကျိုးကျေးဇူးများ ရရှိနိုင်မည့်အခြေအနေများ ရှိသော်လည်း လက်ရှိတွင် ရခိုင်ပြည်နယ်၌ အခြေအနေကောင်းများ ပေါ်ထွန်းလာခြင်းမရှိသေးချေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ  တင်းမာမှုများကို နိုင်ငံတကာအသိုက်အဝန်း၏ အမြင်ကျဉ်းမြောင်းစွာ  အာရုံစိုက်ခံရခြင်းသည်  အလားအလာကောင်းများကို ဖော်ဆောင်ရန် ကာလရှည်ကြာခဲ့သည်။

 

ထို့ကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်  ကြီးမားသောစိန်ခေါ်မှုများကို  ရင်ဆိုင်ကျော်လွှားသွားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လိုအပ်ချက်များကို အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော်ခဲ့သည်။ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားရေး ကိစ္စများကို  ရခိုင်ပြည်နယ်အတွင်း  နေထိုင်သူများအားလုံး  ရေရှည်ငြိမ်းချမ်းရေးနှင့် သဟဇာတရှိစေရေး ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။

 

သို့ဖြစ်ရာ   ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုခြေလှမ်းသစ်များကို စတင်လိုက်နိုင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အစပျိုးပေးခြင်းဖြစ်သလိုရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  သာယာဝပြောရေးအတွက် မွန်မြတ်သောစေတနာဖြင့် အထောက်အပံ့ပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကိုရရှိစေရန် ရခိုင်ပြည်နယ်၏ ဖြစ်ထွန်းနေသော  အလားအလာကောင်းများကို   အခွင့်အခါပေါ်ခိုက် လက်တွေ့ကျကျအသုံးချ၍ ရင်းနှီးမြှုပ်နှံကြပါရန် တိုက်တွန်းအပ်ပါသည်။   

 

ကြေးမုံ