မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရတနာဒေဝဿာရုံ (ခြင်္သေ့ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓါဏနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္ဒကုမာရ ဂုဏ်ပြုပူဇော်ပွဲနှင့် သက်တော် (၆၆) နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ရတနာဒေဝဿာရုံ (ခြင်္သေ့ကျောင်းတိုက်တော်ကြီး) ဓမ္မာရုံတော်၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကမာဝက်မြို့၊ ရတနာဒေဝဿာရုံ (ခြင်္သေ့ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တစန္ဒကုမာရထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆရာတော်ကြီးထံ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတနှင့် မင်္ဂလဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ထပ်ဆင့်ဆက်ကပ် ဂုဏ်ပြုပူဇော်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။
သက်နိုင်(မော်လမြိုင်)
