နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
ယွန်းပညာကောလိပ်(ပုဂံ) နှစ် ၁၀၀ ပြည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကောလိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ယွန်းပညာရှင်များနှင့် ယွန်းလုပ်ငန်းရှင်များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က အမှာစကား ပြောကြားကြပြီး ယွန်းပညာကောလိပ် (ပုဂံ) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မှော်ကွန်းကျောက်စာတိုင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ယွန်းလုပ်ငန်းရှင်များ၏လက်ရာ ယွန်းထည်ပစ္စည်းများကို လိုက်လံကြည့်ရှု အားပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကောလိပ်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ မြန်မာ့ရိုးရာ ယွန်းအနုပညာရပ်များကို ထိန်းသိမ်းရန်၊ ယွန်းအနုပညာလက်ရာပစ္စည်းများကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများကပါ သိရှိစေရေးနှင့် ယွန်းပညာရှင် ကျောင်းသားကျောင်းသူများ စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး ကောလိပ်ဝင်းအတွင်းရှိ သစ်အခြေခံထည်၊ ဝါးအဖြူထည်၊ သားရိုးပန်းကြွယွန်း သင်တန်းဆောင်များ၊ ကွန်ပျူတာခန်းမ၊ ပန်းပု (မို) ခန်းမနှင့် ကောလိပ်စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ် (ပုဂံ) သည် မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာ ယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက်တီထွင်ပြီး ရရှိသည့် နည်းပညာများကို ဖြန့်ဖြူးပေးရန်၊ ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပျိုးထောင် ပေးရန်၊ ယွန်းထည်လုပ်ငန်း အတတ်ပညာသင်ကြားရေးကို ပညာသင်ကြားမှု နည်းလမ်းများနှင့်အညီ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ စီးပွားရေးပညာ တတ်ကျွမ်းနားလည်သော ယွန်းအတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၁၉၂၄ ခုနှစ်မှ စ၍ မြန်မာ့ရိုးရာ ယွန်းပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် မြင်းကန်ကျေးရွာအုပ်စု၊ ဆည်ကုန်းကျေးရွာ၌ ဖွင့်လှစ်ပေးခဲ့သော တစ်လုံးထိုး အင်ဂျင်ပြင်သင်တန်း (အခြေခံနှင့်မွမ်းမံ) သို့ တက်ရောက်ခဲ့သည့် သင်တန်းသားများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကျေးရွာသားများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း များဖြစ်သော မုန်လာဥ၊ နှမ်း၊ ခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေကို မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အဂတိတရားနှင့် ပါတီနိုင်ငံရေး ကင်းရှင်းကြရန်၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ ဝန်ထမ်းသက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်