နေပြည်တော် ဖေဖော်ဝါရီ ၁၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ ၂၃၀ ကေဗွီ ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဓာတ်အားပြတ်တောက်မှု မဖြစ်ပွားစေရေး ပုံမှန်ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရွှေတောင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် စက်ရုံ (၁) ရုံဖြစ်သဖြင့် စက်များထိန်းသိမ်းမောင်းနှင်မှု အခြေအနေကို ဂရုတစိုက် စစ်ဆေးလုပ်ဆောင်ရန်၊ ဓာတ်ငွေ့ရရှိမှုအပေါ် မူတည်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဓာတ်အားပေးစက် မောင်းနှင်နေမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

mdn

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်မြို့ရှိ ၆၆ ကေဗွီ စက်မှုဇုန်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဓာတ်အားမပြတ်တောက်စေရေး စီမံချက်များဖြင့် စနစ်တကျ ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း မီတာများ ပုံမှန်ဖတ်ရှုရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး၊ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ၂၃၀ ကေဗွီ အောင်လံပင်မ ဓာတ်အားခွဲရုံ စီမံကိန်းမြေနေရာသို့ ရောက်ရှိပြီး ခြံစည်းရိုးခတ်ထားမှုနှင့် ဓာတ်အားလိုင်း အဝင်/ အထွက် ပြုလုပ်မည့် လိုင်းအူကြောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်