ရန်ကုန်မြို့၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တပညိန္ဒနှင့် အဖွဲ့ဝင်ပညာရှင်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယခုဆိုလျှင် မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ကြီးသည် မူမှန်ပြက္ခဒိန်ရေးဆွဲရေး၊ မဟာသင်္ကြန်စာ ရေးသားပြုစုနိုင်ရေးတို့အတွက် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ပညာဖြန့်ဝေရန် မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန် ရေးဆွဲရေးနှင့် မဟာသင်္ကြန်စာရေးသား ပြုစုရေးတို့ကိုလည်း ပညာရှင်ကြီးများအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း ဝိုင်းဝန်းကြိုးပမ်း ပြုစုရေးဆွဲနိုင်ရန် ပန်ကြားလိုပါကြောင်း လျှောက်ထားသည်။
ထို့နောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒက အဖွင့်အမှာစကား မိန့်ကြားတော်မူပြီး အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က (၇၂) ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး၊ မြန်မာ ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာ သင်တန်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ဆရာကြီးများက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးလျှောက်ထားကြပြီး ဥက္ကဋ္ဌ ဆရာတော်က လိုအပ်သည်များကို ပြန်လည် မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်