နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သို့ ရောက်ရှိပြီး ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေး လျက်ရှိကြောင်း၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သည် ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအား အရည်အသွေး မြင့်မားစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် သင်တန်းများ ပို့ချသင်ကြားပေးလျက် ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ဌာနက ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံကြိုးစား အားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး တာဝန်များကို ကြိုးစားထမ်းဆောင်ခြင်းဖြင့် မိမိနှင့်ဌာန၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆောက်အဦဦးစီးဌာန၏ သုတေသနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ၊ လမ်းဦးစီးဌာန၏ သုတေသနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ၊ တံတားဦးစီးဌာန၏ အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲတို့သို့ ရောက်ရှိပြီး တည်ဆောက်ရေးပစ္စည်းများ အရည်အသွေး ပြည့်မီရေး စစ်ဆေး ဆောင်ရွက်သည့် အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုစစ်ဆေးသည့် ကိရိယာများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းများသည် တစ်နိုင်ငံလုံးရှိ တည်ဆောက်ရေး လုပ်ငန်းများအတွက် များစွာအရေးပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ISO အသိအမှတ်ပြုလက်မှတ် ရရှိပြီးသောဌာနဖြစ်၍ စနစ်တကျ စစ်ဆေးဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ခေတ်နှင့်အညီ ဖြည့်တင်းပေးနိုင်ရေး စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုကြရန်နှင့် လုပ်ငန်းခွင် အရည်အသွေး ထိန်းသိမ်းရေးအတွက် အကျိုးရှိရှိ အသုံးပြုရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ ၍ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လွဲချော်မှုမရှိစေရေး ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် လုပ်ငန်းလိုအပ်ချက်များ အကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်