နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၈     
မြန်မာနိုင်ငံ သွေးတိုးရောဂါ ပညာရပ်ဆိုင်ရာညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ Medical Skill, Simulation and Research Center (MSSRC) ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယခုညီလာခံကို သွေးတိုးရောဂါကာကွယ်မည့် နည်းလမ်းများနှင့် ရောဂါရှာဖွေခြင်းများ၊ ပညာပေး အစီအစဉ်များ၊ နောက်ဆုံးပေါ် ကုထုံးများနှင့် လက်တွေ့ဖြေရှင်းရမည့် အချက်များကို ဆွေးနွေးဖြေရှင်းကြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်ဟုသိရှိရကြောင်း၊ သွေးတိုးရောဂါသည် အရွယ်မတိုင်မီ သေဆုံးမှု ဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပြီး (၂၀၁၈) ခုနှစ်၊ ဆေးရုံအခြေပြု သတင်းအချက် အလက်စနစ်၏ စာရင်းများအရ ဆေးရုံဆေးခန်းများတွင် ဖြစ်ပွားသော သေဆုံးမှု (Hospital Death) စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရသည်ဟု တွေ့ရှိရကြောင်း၊  ရပ်ရွာများအတွင်း ဖြစ်ပွားသော သေဆုံးမှု (Community Death) အချက်အလက်များ ပါဝင်ပါက ပိုမိုများပြားနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း STEPS survey(2014) အရ လူလေးဦးတွင် တစ်ဦးက သွေးတိုးရောဂါ ရှိနေကြောင်း တွေ့ရှိရပြီး (၂၀၂၄) ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်း၍ STEPS survey ထပ်မံကောက်ယူသွားမည် ဖြစ်ကြောင်း။
မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်တစ်ခုဖြစ်သော သွေးတိုးရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါ ဖြစ်ပွားသေဆုံးမှုကို (၂၀၁၀) ခုနှစ်မှ  (၂၀၃၀) ခုနှစ်အတွင်း (၃၃) ရာခိုင်နှုန်း လျှော့ချရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သွေးတိုးရောဂါနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ခံစားနေရသူများကို ပြည်သူ့ဆေးရုံများတွင် စစ်ဆေးကုသပေးလျက်ရှိသည့်အပြင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများကို ထိရောက်လျင်မြန်စွာ ကုသပေးနိုင်ရေး၊ ခေတ်မီပုံရိပ်ဖော်စက်ကြီးများ၊ Stroke First Programme များဖြင့် ကုသပေးနိုင်မည့် ဆေးဝါးကောင်းများ၊ ကျောက်ကပ်သန့်စင် စက်များကို ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိကြောင်း။
ထို့ပြင် ပြည်သူလူထုအတွင်း သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါများ ကြိုတင် ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းများကို မြို့နယ်အသီးသီးရှိ ဒေသန္တရဆေးပေးခန်းများ၊ မိခင်နှင့် ကလေးဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများမှာ အထူးသဖြင့် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးခန်းပေါင်း (၇,၅၁၆) ခု ဖွင့်လှစ်ပြီး အခြေခံ ကျန်းမာရေးဝန်ထမ်းများက  သွေးတိုး၊ ဆီးချိုရောဂါများကို စောစီးစွာရှာဖွေ စစ်ဆေးပေးခြင်းနှင့် (၁၀) နှစ်အတွင်း နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေကို တွက်ချက်ပေးခြင်း၊ ကုသပေးခြင်း၊ အခမဲ့ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ လိုအပ်လျှင် လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်ရမည့် နည်းလမ်းများနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကို နမူနာသင်ကြား ပြသခြင်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ခြင်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သည့် သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါ ကုသဆေးဝါးများကို ဝယ်ယူ၍ လူနာများကို ထောက်ပံ့ပေးလျက် ရှိသည့်အပြင် ထပ်မံထုတ်လုပ်မည့် ဆေးဝါးအမယ်သစ်များအား အရည်အသွေးစစ်ဆေး၍ အသုံးပြုခွင့် ပြုနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သွေးတိုးရောဂါ အပါအဝင် မကူးစက်နိုင်သော ရောဂါများကို ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ မျိုးရိုး ဗီဇဆက်ခံမှု၊ အသက်အရွယ်ကြီးမြင့် လာမှုစသည့် ပြုပြင်ပြောင်းလဲ၍မရသော အကြောင်းအရာများ ပါဝင်သလို အဓိကအားဖြင့် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာများ စားသုံးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းစသည့် ကြိုတင်ကာကွယ်နိုင်သည့် အကြောင်းအရာများကြောင့် ဖြစ်ပွားရခြင်းဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသင့်စား အစားအစာများတွင် အသွင်ပြောင်းဆီနှင့် ဆားပါဝင်မှု လျှော့ချနိုင်ရေး၊ ပြည်သူလူထုအတွင်း ကိုယ်လက်လှုပ်ရှားမှု မြှင့်တင်ရေး၊ အရက်သောက်သုံးမှု လျှော့ချရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုထိန်းချုပ်ရေးအတွက် မူဝါဒများချမှတ်ပြီး နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြင့်ဟန်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါညီလာခံတွင် မြန်မာနိုင်ငံမှ သွေးတိုးရောဂါဆိုင်ရာ ပါမောက္ခ/ သမားတော်ကြီးများ အပြင် ပြည်ပပညာရှင်များက ပါဝင်ဆွေးနွေးကာ ညီလာခံသို့ တက်ရောက်သူ (၁၉၉) ဦးနှင့် online မှ တက်ရောက်သူ (၂၀၅) ဦး စုစုပေါင်း (၄၀၄) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်