၂၅ ဖေဖော်ဝါရီ
ခေါင်းဆောင်မှုလို့ ပြောလိုက်ရင် အားလုံးက ကိုယ်နဲ့ မဆိုင်ဘူးလို့ ယေဘုယျ မှတ်ယူတတ်ကြပါတယ်။ တကယ်တော့ ခေါင်းဆောင်မှုဆိုတာ လူသားတိုင်းနဲ့ ဆိုင်ပါတယ်။ အဓိက အကြောင်းရင်းကတော့ လူတိုင်းဟာ မိမိဘဝအတွက် ကိုယ် ကိုယ်တိုင် ခေါင်းဆောင်နိုင်ဖို့ လိုအပ်နေလို့ပါ။ တကယ့် လက်တွေ့မှာလည်း ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်နိုင်မှုက အခက်ခဲဆုံးပါပဲ။ လူငယ်တိုင်း ခေါင်းဆောင်မှုနဲ့ ပတ်သက်ရင် အတွေ့အကြုံ အနည်းနဲ့အများ ရှိခဲ့ဖူးပါတယ်။
ငယ်ငယ်က ဘောလုံးကန်တဲ့အခါ၊ ထုပ်ဆီးတိုးတဲ့အခါ၊ တခြားကစားနည်းတွေ ကစားတဲ့အခါတွေမှာ ခေါင်းဆောင်တာဝန်တွေပေးခဲ့ဖူးသလို တာဝန်တွေလည်း ယူခဲ့ဖူးပါတယ်။ ဒိီလိုအသေးအဖွဲ ကိစ္စလေးကအစ ကြီးကျယ်သော အလုပ်တာဝန်တွေအဆုံး ခေါင်းဆောင်ကောင်းရှိဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင် ကောင်းရှိမှသာ အောင်မြင်နိုင်မယ် မဟုတ်လား။
ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားဟာ အများကြီး လေးနက်ပါတယ်။ အသက်ကြီးလာလို့ လူကြီးဖြစ်တာထက် အစစအရာရာ ကြီးကျယ်မြင့်မြတ်လာမှ တကယ်တန်ဖိုးကြီးလာမှာပါ။ ခေတ်ကို ဦးဆောင်မယ့်လူငယ်တွေဟာ သူများတွေထက် ခေါင်းတစ်လုံးပိုမြင့်နေမှ၊ အသိဉာဏ်တွေ ဗဟုသုတတွေ ပိုရှိနေမှသာ အများသူတကာထက် သာတဲ့ဘဝတွေကို တည်ဆောက်နိုင်မှာပါ။ အလားတူပဲ ဘယ်အဖွဲ့အစည်း ဘယ် နိုင်ငံပဲကြည့်ကြည့် ခေါင်းဆောင်ကောင်းမှ နောက်ကလိုက် ရတဲ့သူတွေရဲ့ ဘဝတွေဟာ စိုပြည်နိုင်ပါလိမ့်မယ်။
ဟိုးတစ်ချိန် တစ်ခါဆီက ဆင်းရဲတဲ့ တံငါလုပ်စားခဲ့တဲ့နိုင်ငံလေးဟာ အခုအချိန် ကမ္ဘာ့အလယ်မှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်ပေါင်းစုံက ရင့်ကျက်တဲ့ကျားတစ်ကောင် ဖြစ်နေခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ လီကွမ်ယုဆို တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကြောင့် ဒီကနေ့ အားလုံးက အတုယူအားကျရတဲ့ စင်ကာပူနိုင်ငံ ဖြစ်နေခဲ့တာပေါ့။
အဝေးကြီးမကြည့်ပါနဲ့။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး ဆိုတဲ့ခေါင်းဆောင်ကောင်း မရှိတဲ့အိမ်နဲ့ ရှိတဲ့အိမ် ဘယ်အိမ် တိုးတက်မလဲ။ ဗေဒင်မမေးပါနဲ့။ အိမ်ထောင်ဦးစီးက မူးနေမယ်။ မိသားစုအပေါ်မှာ အစစအဆင်ပြေအောင် မစီမံနိုင်ရင် အဲဒီအိမ်က သားပျို၊ သမီးပျိုလေးကို သူများက တန်ဖိုးထားမှု လျော့သွားတော့မှာပေါ့။ အိမ်ထောင်ဦးစီးကောင်းရှိရင် စီးပွားရေးအဆင်ပြေမယ်။ လူမှုရေးကောင်းလာမယ်။ ဒါဆို အိမ်မှာ မိတ်ဆွေကောင်းတွေ၊ ခြွေမှရံတဲ့ ဆွေမျိုးတွေ အများကြီးရှိလာမယ်။ ဒီလိုသာဆို ဘယ်သူက စော်ကားရဲ၊ ရန်ရှာရဲမှာလဲ။ ဒါကြောင့် ခေါင်းဆောင်ကောင်းဆိုတာ နေရာတိုင်းမှာရှိနေဖို ့လိုအပ်ပါတယ်။
ခေါင်းဆောင်ကောင်းတွေမှာ ရှိရမယ့် အခြေခံလိုအပ်ချက်လေးတွေ
-ခေါင်းဆောင်ဆိုတာ စွန့်စားဖို့ဝန်မလေးသူ။
-လူတွေဆင်ခြေပေးနေချိန်မှာ ပြောင်းလဲခြင်းကို လက်ခံရဲသူ။
-ခေါင်းဆောင်ဆိုတာ ကိုယ်ချင်းစာစိတ်ရှိပြီး ခွင့်လွှတ်နိုင်သူ။
-ခေါင်းဆောင်ဆိုတာ လူတွေနဲ့ အသည်းနှလုံးချင်း စကားပြောနိုင်သူ။
-ခေါင်းဆောင်ဆိုတာ လူတွေကို လမ်းပြနိုင်သူ၊ လမ်းကြောင်းမှန်ပေါ်ရောက်အောင် တိုက်တွန်းနိုင်သူ။
-ခေါင်းဆောင်ဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသူ။ စသဖြင့်အချက်ပေါင်းများစွာရှိပါတယ်။
(ဆရာကျော်ကျော်လှိုင် ရွှေလိုတန်ဖိုးရှိသော ခေါင်းဆောင်မှု စာအုပ်မှ)
အကြားအမြင်များတဲ့ ခေါင်းဆောင် ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အကြားအမြင်၊ ဗဟုသုတလည်း ပြည့်စုံဖို့ လိုအပ်ပါတယ်။ လက်ရှိ မိမိပတ်ဝန်းကျင်မှာ ဘယ်အကြောင်းအရာတွေက လူတွေစိတ်ဝင်စားနေ သလဲ။ ဘယ်လိုကိစ္စတွေက လူငယ်တွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တယ်။
နောက်ပြီး မိမိတို့နိုင်ငံမှာ လူငယ်တွေက ဘယ်လိုနေရာမှာအားသန်ပြီး နိုင်ငံတကာမှာ အချိန်ဘယ်လို အသုံးချနေတယ်ဆိုတာ သိထားသင့် နားလည်ထားသင့်ပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေဟာ တယ်လီဖုန်းတစ်လုံးကို အပန်းဖြေဖို့အတွက် အသုံးများနေပါတယ်။ ဖေ့စ်ဘုတ်မှာ စကားပြောမယ်၊ ပို့စ်တွေတင်မယ်။ မိမိဘယ်ရောက် နေကြောင်းတွေ အသိပေးမယ်။ ဂိမ်းတွေဆော့မယ်။ ဒီလိုမျိုးကိစ္စတွေကို အချိန်ပေးတာက ၈၀ ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ နိုင်ငံတကာမှာတော့ သူတို့ဘဝတိုးတက်ရာတိုးတက်ကြောင်း ဘာသာရပ်တွေကို လူမှုကွန်ရက်အသုံးပြုပြီး ပညာရှာနေကြပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အရွေ့က မြန်ဆန်တော့ ရေစီးကြောင်းဒဏ်ကိုတော့ ခံရတာ ပြင်းထန်နေမှာပါ။ ဒါကို လူငယ်ခေါင်းဆောင်တွေက ဘယ်လိုလမ်းပြ ခေါ်ဆောင်မလဲဆိုတာ အရေးကြီးပါတယ်။
မိမိလမ်းပြပေးရမယ့် လူငယ်တွေ ဘယ်လိုမျိုးကိစ္စတွေမှာ အချိန်အလေအလွင့်ဖြစ်နေသလဲ၊ သူတို့ရဲ့ ပိုက်ဆံကို ဘယ်လို အသုံးချနေသလဲဆိုတာ သိထားရမယ်။ အကျိုးမရှိတဲ့နေရာ၊ အလကားဖြစ်စေမယ့် နေရာတွေမှာသုံးနေရင်တော့ အကြောင်း အကျိုးအကောင်းအဆိုး ပြောပြပြီး လမ်းတည့်ပေးဖို့လိုအပ်တယ်။ မိမိရဲ့ လူငယ်တွေကို လမ်းပြပေးနေတာဟာ ကုသိုလ်ကောင်းမှုလုပ်ခြင်းတစ်မျိုးပါ။ ဒါကို လူတိုင်းနားလည်ထားရင် လမ်းပြပေးမယ့် ခေါင်းဆောင်ကောင်းတွေ တိုးပွားလာမှာ မလွဲပါဘူး။
အတွေးအခေါ်ကောင်းတဲ့ ခေါင်းဆောင် တချို့သော ခေါင်းဆောင်တွေဟာ သူတို့သွားစေချင်တဲ့ လမ်းကြောင်းကို မသိလိုက် မသိဘာသာကို ဆွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိပါတယ်။ မကောင်းတဲ့ အမူအကျင့်တစ်ခုကို ကောင်းတဲ့ အလေ့အထတစ်ခုနဲ့ အစားထိုးပေးတဲ့နည်းတစ်မျိုးပေါ့။ ဘယ်လိုကိစ္စမျိုးမဆို ပထမတော့ လုပ်ရတာ အဆင်မပြေဘူး။ ခက်နေမယ်။ ဥပမာ။ ။ ဂိမ်းဆော့နေတာကိုနားပြီး စာအုပ်ဖတ်တာမျိုးကို လုပ်ခိုင်းတာ။ အရင်ဆုံးတော့ ဂိမ်းဆော့ရတာ စိတ်လှုပ်ရှားမယ်၊ ပျော်စရာကောင်းတယ်လို့ ခံစားရတယ်။ တကယ်တော့ ဘဝအတွက် အကျိုးမရှိဘူး။ အပြစ်တွေသာများ တာပါ။ စာအုပ်ဖတ်တဲ့ကိစ္စကျတော့ ပထမတော့ ပျင်းမယ်။ ဒါပေမယ့် ဆက်ဖတ်ပါ။ တဖြည်းဖြည်း စိတ်ဝင်စားလာမယ်။ ပျော်လာမယ်။ ကောင်းတဲ့အလုပ်တစ်ခုဟာ အစပိုင်းခက်ခဲပေမယ့် နောက်ပိုင်း အလေ့အထများလာတဲ့အခါ အလေ့အကျင့် ဖြစ်လာတယ်။ နောက်အလေ့အကျင့်များလာရင် မလုပ်ရမနေနိုင် ဖြစ်လာမယ်။ ဒါဆို ဒီကိစ္စအပေါ်မှာ ကျွမ်းကျင်လာမယ်။ နောက်ပြီး အကျိုးရှိတာတွေ အမြဲလုပ်ဖြစ်လာပြီး ဘဝဟာလည်း တစ်နည်းတစ်ဖုံ ပြောင်းလဲတိုးတက်လာမှာ မလွဲပါဘူး။ ဒါကြောင့် တကယ့်ဘဝထဲ ကျင်လည်လာတဲ့အခါ ခေါင်းဆောင်ကောင်း အရေးကြီးတယ်။ လူငယ်တွေအနေနဲ့ ကိုယ့်ဘဝကိုတည်ဆောက်ပါ။ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားပါ။ နောက်လိုက်ကောင်းဖြစ်မှ နောင်တစ်ချိန်မှာ ခေါင်းဆောင်ကောင်းဖြစ်လာမှာပါ။
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် အနာဂတ်ကိုဦးဆောင်မယ့်လူငယ်တွေအနေနဲ့ အမြင် ကျယ်ဖို့လိုအပ်ပါတယ်။ယနေ့ တိုင်းပြည်ရဲ့ ရေစီးကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံတကာလူငယ်တွေ ဘာတွေကို အားသာပြီး ဘယ်နေရာတွေမှာ အားစိုက်နေကြသလဲ စသဖြင့် သိထားဖို့လိုအပ်ပါတယ်။ လူငယ်တွေဟာ တွေးရငနိုင်ငံတကာအတွေးမျိုးတွေးပြီး လုပ်ရင်တော့ ပြည်တွင်းနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။
ဥပမာ။ ။လူငယ်ခေါင်းဆောင်တွေအနေနဲ့ ပြည်တွင်း စာကြည့်တိုက်တွေ၊ နိုင်ငံတကာ စာကြည့်တိုက်တွေအကြောင်း သိထားဖို့လိုအပ်ပါတယ်။ နိုင်ငံတကာမှာ စာအုပ်စာပေဟာ လူမှုပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုတယ်။ နိုင်ငံတကာမှာ စာကြည့်တဲ့ပညာဆိုတာ ဘယ်လိုမျိုးစပြီး သိထားသင့်လေ့လာ ထားသင့်တယ်။ ဒါပေမယ့် မိမိပတ်ဝန်းကျင်မှာ အကောင်အထည် ဖော်တော့မယ်ဆိုရင် နေရာဒေသအလိုက် အားနည်းချက် အားသာချက်ကိုသိထားပြီး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ လူငယ်တွေ လက်လှမ်းမီအောင် စာအုပ်စာပေကို ဘယ်လိုမျိုးထားမလဲ၊ ဖတ်နိုင်အောင် ဘယ်လိုကူညီမလဲက နေရာအလိုက် စဉ်းစားပြီးလုပ်ရပါ့မယ် စသဖြင့် လူငယ်တွေကို မိမိစနိုင်တဲ့ အဝန်းအဝိုင်းလေးထဲက စခိုင်းတဲ့ သဘောမျိုးလေးပါ။
စွန့်စားခြင်းနှင့် အသီးအပွင့် တချို့သော ကိစ္စတွေဟာ သမားရိုးကျလုပ်နေရင် သာမန် အသီးအပွင့်လောက်ပဲ ခံစားခွင့်ရှိပါတယ်၊ ဘာလို့လဲဆိုတော့ အားလုံးကလည်း ဒီအတိုင်းလိုက်လုပ်လေ့ရှိကြလို့ပါ။ တောအုပ် ကို ဖြတ်သွားရမယ့် လမ်းနှစ်ခုရှိတယ် ဆိုပါတော့။ လမ်းတစ်ခုဟာ ဖြောင့်ဖြူးနေမယ်။ အန္တရာယ်လည်းမရှိဘူး။ လူတိုင်းလည်း သွားနေကြတာ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ် ဆိုတော့ကာ အဲဒီလမ်းသွားရင်တော့ ကိုယ့်ရှေ့က လူအများကြီးသွားထားတာ ဖြစ်တဲ့အတွက် လမ်းသာမယ်။ အန္တရာယ်ကင်းမယ်။ ဒါပေမယ့် အခွင့်အလမ်းလည်း ရှေ့ကလူတွေယူထားလို့ကုန်သလောက် ရှိနေပြီ။
အလမ်းလည်း ရှိနေတယ်။ ဒါဆိုရင်တော့ လူငယ်တွေအနေနဲ့ စဉ်းစားပါ။ ကိုယ့်မှာ စွန့်စားဖို ့အင်အားလုံလောက်ရင် ကြိုးစားခွင့်ရှိတယ်။ ဒါက မိမိအပေါ်မှာမူတည်တယ်။ စွန့်စားတဲ့လူတိုင်း အတွက် ဆုံးရှုံးနိုင်သလို အခွင့်အလမ်းလို့ခေါ်တဲ့ အသိီးအပွင့်တွေ လည်းရှိပါတယ်။ လိုသလို အသုံးချပါ။
ရှေ့တန်းရောက်နေတဲ့ လုပ်ငန်းတွေ ယနေ့အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ရှေ့တန်းရောက်နေတဲ့ လူငယ်တွေဟာ တစ်ချိန်က သူလိုကိုယ်လို လူငယ်တွေက စခဲ့ကြတာဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ လက်ရှိအခြေအနေမှာ အောင်မြင်နေပြီး ဖေ့စ်ဘုတ်တည်ထောင်ခဲ့တဲ့ မက်ဇူကာဘတ် ဟာဆိုရင်လည်း တစ်ချိန်က တက္ကသိုလ်ဒုတိယနှစ်မှာ ကျောင်းအထုတ်ခံခဲ့ရတာပါ။ ဒါပေမယ့် သူဟာ ဇွဲမလျှော့ဘဲ ဆက်ကြိုးစား ခဲ့လို့သာ ဒီနေ့ ဒီလိုအချိန်မှာ ကမ္ဘာသိ အောင်မြင်နေတဲ့ လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေတာပါ။
ရှေ့ရောက်နေတဲ့ လုပ်ငန်းတွေမှာလည်း အတိတ်တုန်းက အမှားတွေရှိခဲ့ဖူးတာပါပဲ။ အဲဒီအမှားကို သင်ခန်းစာယူပြီး အကောင်းဆုံးလုပ်ခဲ့ကြလို့သာ အောင်မြင်နေကြတာပါ။
လက်ကိုင်ဖုန်းတွေ ခေတ်စားခါစကဆိုရင် နိုကီရာကုမ္ပဏီဟာ ကမ္ဘာမှာ အအောင်မြင်ဆုံး တယ်လီဖုန်း ကုမ္ပဏီတစ်ခုပါ။ ဒါပေမယ့် ဒီနေ့တော့ သူ့အောင်မြင်မှုတွေဟာ ရွှေထီးဆောင်း တဲ့အကြောင်းပြောပြရုံလောက်သာ ကျန်ခဲ့ပါတော့တယ်။
နိုကီရာ ကုမ္ပဏီရဲ့ စီးအီးအိုက ဘာပြောသလဲဆိုတော့ “ We didn’t do anything wrong but somehow we fall.(CEO Nokia) ငါတို့ အမှားမလုပ်ခဲ့ဘူး။ ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်။” တစ်ခါတစ်ရံ အမှားမလုပ်ရုံနဲ့လည်း မအောင်မြင်နိုင်ဘူးဆိုတာ သိထားသင့် နားလည်ထားသင့်ပါတယ်။
အရင်က အိုင်ဖုန်းကုမ္ပဏီက စမတ်ဖုန်းစထွင်တော့ လူတိုင်းက မရင်းနှီးသေးတော့ စစချင်း ဈေးကွက်မှာ အဆင် မပြေခဲ့ပါဘူး။ လူတွေက နည်းပညာနဲ ့မနီးစပ်လေတော့ အချိန်ပေးရတာပေါ့။ ယနေ့ အချိန်မှာတော့ လူတိုင်းရဲ့ အိပ်မက်ဖုန်း ဖြစ်နေပါပြီ။ သူတို့လည်း အခြေအနေအချိန်အခါကိုလိုက်ပြီး ပြောင်းလဲကာ ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေပဲ မဟုတ်လား။
မိမိကိုယ်တိုင် ဘယ်အခန်းက ကပြမလဲ ယနေ့ လူငယ်တွေအနေနဲ့ မိမိဘယ်အခန်းက ပါဝင်ကပြမလဲ အရေးကြီးလာပါပြီ။ ခေါင်းဆောင်မဖြစ်ခင် ဘာအရင်ဖြစ်ဖို့ လိုသလဲဆိုရင် နောက်လိုက်ကောင်းဖြစ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိက နောက်လိုက်ကောင်းတောင်ဖြစ်အောင် မလုပ်ဖူးဘဲနဲ့ ခေါင်းဆောင်ကောင်း ဘယ်လိုဖြစ်နိုင်မှာလဲ။ မိမိက တောင်အမြင့်ပေါ်က အလှဆုံးရှုခင်းတစ်ခု မဖြစ်နိုင်သေးရင် တောင်အောက်မှာ ရှိတဲ့ချုံတွေထဲမှာတော့ အလှဆုံးဖြစ်အောင် ကြိုးစားပါ။ ဘာလို့လဲဆိုတော့ ဒါမှ ကိုယ်က သူများထက် ထူးခြားနေမှာမဟုတ်လား။ ခေါင်းဆောင်မဖြစ်သေးလို့ နောက်လိုက်ဖြစ်တဲ့အခါမှာလည်း အကောင်းဆုံး နောက်လိုက် ကောင်းဖြစ်အောင် ကြိုးစားနေခြင်းသည်ပင်လျှင် အကောင်းဆုံး ခေါင်းဆောင်ဖြစ်ဖို့ အကြောင်းတရားတစ်ခု မဟုတ်ဘူးလား။ မိမိကျရာ အခန်းကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်ရမယ်လေ။ လူဆိုတာ ကိုယ့်ဘဝမှာတော့ ကိုယ်က ဇာတ်လိုက်တစ်ယောက် ဖြစ်နေလို့ပါ။
ခေါင်းဆောင်ကောင်းဟာ နောက်လိုက်တွေအတွက် ဘယ်လောက်အရေးပါသလဲ ဟိုးအရင် ကြားဖူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ပညာရှိ ဦးဆောင်တဲ့ လှည်းသားငါးရာနဲ့ အခြားလူမိုက်ဦးဆောင်တဲ့ လှည်းကုန်သည် ငါးရာစီရှိတယ်။ တစ်နေ့တော့ လူမိုက်ဦးဆောင်တဲ့ လှည်းကုန်သည်ငါးရာဟာ သဲကန္တာရကို ဖြတ်ပြီး တခြားတစ်မြို့တစ်ရွာ အရောင်းအဝယ်လုပ်ဖို့ သွားတယ်။ လမ်းမှာ စားဖို့သောက်ဖို့ ရိက္ခာအစုံအလင်နဲ့ ထွက်လာခဲ့တယ်။ ကန္တာရ အလယ်လောက်ရောက်တော့ လူယောင်ဆောင်ထားတဲ့ ဘီလူးမတစ်သိုက်က ကြာရိုးကြာစွယ်တွေကိုင်၊ ရေတွေရွှဲနေတဲ့ အသွင်တွေကိုပြတော့ သူတို့မှာပါလာတဲ့ ရေတွေကို သွန်ပစ်လိုက်တယ်။ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်မရှိတဲ့ ခေါင်းဆောင်ရဲ့ နောက်လိုက်တွေ အညာခံလိုက်ရတယ်။ နောက်တော့ အစာရေစာပြတ်လပ်နေတဲ့ လှည်းကုန်သည်အဖွဲ့ဟာ အလွယ်တကူပဲ ဘီလူးတွေရဲ့စားခြင်းကို ခံခဲ့ရတယ်။ အလားတူပဲ။ ပညာရှိဦးဆောင်တဲ့ အဖွဲ့ကိုလည်း ဖြားယောင်း ပြန်တယ်။ ဒါပေမယ့် ပညာရှိခေါင်းဆောင်က စဉ်းစားမိတယ်။ ဒီလို သဲကန္တာရမှာ ရေရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါတွေဟာ ယုတ္တိမရှိမှန်းသိတော့ သူ့လူတွေကို သူမသိဘဲ ဘာမှမလုပ်ဖို့ မှာထားတယ်။ ခေါင်းဆောင်လုပ်တဲ့သူက မအိပ်ဘဲ အမြဲစောင့်ရှောက်နေခဲ့တယ်။ ဒီလိုနဲ့ ခရီးဆုံးအထိ အစာရေစာ မပြတ်လပ် ပဲ ချောချောမွေ့မွေ့ရောက်ခဲ့တယ်။ ဘီလူးတွေရန်ကလွတ်ပြီး ကုန်ရောင်းကုန်ဝယ်ကိစ္စ အဆင်ပြေခဲ့တယ်။ ဒါဘာကွာသလဲဆိုတော့ ခေါင်းဆောင်ကောင်းရှိခြင်း၊ မရှိခြင်းအပေါ်မှာ နောက်လိုက်တွေရဲ့ ဘဝဟာ အများကြီး ကွာခြားသွားခဲ့တာပါ။ ဒါကြောင့် ဒီကနေ့ပြောနေကြတဲ့ စကားတစ်ခု ရှိခဲ့တာပါ။ အကောင်းဆုံး သူဌေးဆီမှာ အလုပ်လုပ်ရတာထက် အကောင်းဆုံးခေါင်းဆောင်အောက်မှာ လုပ်ရတာက ပိုကောင်းတယ်တဲ့။
ခေါင်းဆောင်ကောင်းနဲ့ စေတနာ မိမိလုပ်ခဲ့တဲ့ အလုပ်တိုင်းဟာ စေတနာကလာတယ်ဆိုတာ လူတိုင်း သတိထားမိချင်မှ ထားမိမယ်။ တကယ်တမ်းတော့ ဖြစ်စဉ်က ဒီအတိုင်းပါပဲ။ အဲဒီတော့ ဘယ်အလုပ်ကလေးပဲ လုပ်နေလုပ်နေ စေတနာလေးထားလုပ်ခြင်းအားဖြင့် အသီးအပွင့် ခံစားရနိုင်ပါတယ်။
စေတနာဆိုတဲ့ နေရာမှာလည်း ကောင်းတဲ့စေတနာ၊ မကောင်းတဲ့စေတနာဆိုပြီး အမျိုးအစား ကွဲပြားပါတယ်။ မကောင်းတဲ့ စေတနာ အရင်းခံနဲ့လုပ်ရင်တော့ သေချာတယ် မကောင်းတဲ့ အကျိုးပေးမှာပဲ။ အချိန်မတန်သေးရင်သာ ရှိမယ်။ အချိန်တန်ရင်တော့ အကျိုးပေးမှာမလွဲဘူး။
အဲဒီတော့ လူငယ်ခေါင်းဆောင်တွေအနေနဲ့ ဘယ်ကိစ္စမှာ မဆိုကောင်းတဲ့ စေတနာလေးထားပြီး အလုပ်လုပ်ခြင်းဟာလည်း ကုလိုလ်လုပ်နေသလိုပါပဲ။ ကောင်းတဲ့စေတနာ အကျိုးပေးရင် စိုက်ကြည့်တာနဲ ့ အလိုက်သိစရာတွေ ဖြစ်နေမှာပါ။
စေတနာအတိုင်း ကံတရားတို့သည် အကျိုးပေးကြကုန်၏။ ။
စိုးသူ