၂၅ ဖေဖော်ဝါရီ
မြစ်ဝကျွန်းပေါ်ဒေသများအတွင်း အောက်မြန်မာပြည် လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းအား ကမ္ဘာ့ဘဏ် (ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ်) ဖြင့် ဆောင်ရွက်ခဲ့ရာ စပါး (၁) စီမံကိန်းအား ၁၉၇၆- ၁၉၈၅ တွင် ဖျာပုံ၊ လပွတ္တာ၊ ငပုတော၊ ဘိုကလေး၊ ဝါးခယ်မမြို့နယ်များတွင်လည်းကောင်း၊ စပါး (၂) စီမံကိန်းအား ၁၉၇၈-၁၉၉၀ တွင် ကျိုက်လတ်-မအူပင်၊ ဘိုကလေး၊ သန်လျင်၊ လပွတ္တာမြို့နယ်များ တွင်လည်းကောင်း၊ ကျွန်းပတ်တာများ အသုံးပြုတည်ဆောက်၍ လယ်ယာစိုက်ပျိုးရေးဧရိယာဖော်ထုတ်ခြင်း၊ တာပတ်ခြင်း၊ ရေတံခါးရေထုတြွ်ပန်တည်ဆောက်ခြင်း၊ ရေနုတ်မြောင်းတူးခြင်းနှင့် အခြားသော စိုက်ပျိုးရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေငန်ဝင်ရောက်ခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများမှ လျော့ပါးသက်သာ၍ ရေချိုထိန်းပေးခြင်း၊ ရေတော်မိုးတော်စိုက်ပျိုးနိုင်ခြင်းများကြောင့် နှစ်ပေါင်းများစွာ စိုက်ပျိုးရေးမအောင်မြင်ခဲ့သော လယ်ယာမြေများအား စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် အခြေအနေသို့ရောက်အောင် ဖော်ထုတ်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ရိက္ခာဖူလုံရေးအတွက် အရေးပါဆုံးသော ဒေသတစ်ခုဖြစ်သည့် မြစ်ဝကျွန်းပေါ် ဒေသတွင် သီးနှံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ဒေသနေပြည်သူများ၏ လယ်မြေများ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေးအတွက် ကျွန်းပတ်တာများဖြင့် လယ်ယာမြေဖော်ထုတ်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။
မြစ်ဝကျွန်းပေါ်ဒေသ အထူးသဖြင့် ပင်လယ်နှင့်နီးသော အရပ်ဒေသများရှိ အချို့သော မြေနိမ့်ဒေသတို့သည် ဒီရေတက် ရောက်မှုကြောင့်သော်လည်းကောင်း၊ ရေများ (သို့မဟုတ်) ဆားငန်ရေများ တက်ရောက်ကာ စိုက်ပျိုး၍ မရနိုင်လောက်အောင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ ထိုကဲ့သို့သော ဒေသများတွင် အကျိုးပြုလယ်ယာမြေများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ချောင်း၊ မြောင်းနှင့် ကုန်းမြေအနေအထား မြေပုံအား လေ့လာ၍ ရေငန်ဝင်ရောက်မှုကို ကာကွယ်ရန်အတွက် တာပတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရန် ရည်ရွယ်၍ တာပတ်ထားသော ဧရိယာကို ကျွန်းပတ်တာဟုခေါ် ပြီး ယင်းကျွန်းပတ်တာ အတွင်းသို့ မိုးရာသီ၌ ဝင်ရောက်လာသော မိုးရေများကို ရေနုတ်မြောင်းများတူးဖော်ကာ ရေတံခါးများမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ ချောင်း၊ မြောင်းများထဲသို့ ထုတ်နုတ်ပေးခြင်းဖြင့် စိုက်ပျိုး၍ရနိုင်သော ဧရိယာတစ်ခုဖြစ်ရန် ဆောင်ရွက်လေ့ရှိ ကြပါသည်။ သို့ဖြစ်၍ ကျွန်းပတ်တာတစ်ခုအတွင်းသို့ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေး၊ ဒီရေတက်ရောက်မှုကြောင့် ဆားငန်ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရေးအတွက် ကျွန်းပတ်တာများတည်ဆောက်ခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ ရေတံခါးများတည်ဆောက်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆည်မြောင်းအတတ်ပညာဆိုင်ရာ ပညာရှင်များက ပြောသည်။
ထို့ကြောင့် ကျွန်းပတ်တာနှင့် တာများ တည်ဆောက်ထားသည့် မြစ်ဝကျွန်းပေါ်ဒေသအား နည်းပညာအရ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းဟူ၍ ပိုင်းခြားသတ်မှတ်ကာ အထက်ပိုင်းတွင် ဟင်္သာတ၊ လေးမျက်နှာ၊ ဇလွန်၊ ငါးသိုင်း ချောင်း၊ ရေကြည်၊ ကျုံပျော်၊ ဆကာကြီး၊ ဓနုဖြူ၊ ကျောင်းကုန်း၊ အသုတ် စသည့်ဒေသများ၊ အလယ်ပိုင်းတွင် ညောင်တုန်း၊ ပန်းတနော်၊ အိမ်မဲ၊ ရွှေလောင်း၊ ဝါးခယ်မ၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး စသည့်ဒေသများ၊ အောက်ပိုင်းတွင် ပုသိမ်၊ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ၊ စက်ဆန်း၊ ကျုံကဒွန်း စသည့်ဒေသများဟူ၍ အောက်မြန်မာပြည် လယ်ယာမြေဖော်ထုတ်ရေးကို စပါး (၁)၊ စပါး (၂) စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍဆောင်ရွက်ရာတွင် အောင်မြင်မှုအားသာချက်များနှင့် သဘာဝအခြေခံကောင်းများ မြောက်မြားစွာ ပိုင်ဆိုင်ထားသော်လည်း ပင်လယ်မှလည်းကောင်း၊ မြစ်ခွဲမြစ်မြွှာများမှလည်းကောင်း ဒီရေနှင့် ဆားငန်ရေများဝင်ရောက်ကာ အချိန်ကာလကြာရှည်စွာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံရလေ့ရှိရာ ယခုကဲ့သို့ ကျွန်းပတ်တာများ အဓိကထား တည်ဆောက် အကောင်အထည်ဖော်ပေးခဲ့သဖြင့် ယင်းကျွန်းပတ်တာများ၏ အကျိုးကျေးဇူးများကို အထူးသဖြင့် ဒေသနေသူတို့ ပကတိသိမြင်ခံစား အကျိုးပွားလျက်ရှိသည် ဆိုလျှင် မည်သူမျှ ငြင်းအံ့မထင်။
အချုပ်အားဖြင့်ဆိုရပါမူ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ သဘာဝလိုအပ်ချက်အရ စိုက်ပျိုးရေးအကျိုးစီးပွား ဖြစ်ထွန်း အောင်မြင်စေရန် တည်ဆောက်ပြီး ကျွန်းပတ်တာများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာ လိုအပ်သော ကျွန်းပတ်တာများကိုလည်း လိုအပ်သည့်ဒေသတွင် ထပ်မံတည်ဆောက်၍ လယ်ယာကဏ္ဍကို ဆက်လက်ဖော်ထုတ် မြှင့်တင်လုပ်ကိုင်ရန် စိုက်ပျိုးမြေဧရိယာများ ကျန်ရှိနေသေးသည်ဖြစ်ရာ နိုင်ငံတော်နှင့် တာဝန်ရှိသူအသီးသီးမှ လူအား၊ ငွေအား၊ နည်းပညာအားများဖြင့် လက်ရှိအခြေအနေထက် အရှိန်အဟုန်မြှင့်တင် သွားမည်ဆိုပါက ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရုံမျှမက ရိက္ခာဖူလုံမှု ပိုမိုတိုးတက်လာမည်မှာ သေချာသော လုပ်ငန်းမျှော်မှန်းချက်တစ်ရပ်ဖြစ်လာပေမည်။
အရှေ့တောင်အာရှရှိ မြစ်ဝကျွန်းပေါ်ဒေသများအနက် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ရွာသောမိုးရေချိန်သည် အများဆုံးဖြစ်၍ ပျမ်းမျှ လက်မ ၁၀ဝ ကျော်ခန့်ရှိရာ စိုက်ပျိုးရေးအတွက် လိုအပ်သော ရေအရင်းအမြစ်ကိုလည်း ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ဖြစ်ထွန်းအောင်မြင်မှု အညွှန်းကိန်းများလည်း အလျင် အမြန်တိုးတက်လာမည်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် နွေစပါး၊ မိုးစပါးအပါအဝင် စိုက်ပျိုးရေးကဏ္ဍများ ဆောင်ရွက်ရာ၌ ဒေသ၏ သဘာဝအရ ခက်ခဲမှုများရှိသော်လည်း ယခုကဲ့သို့ ကျွန်းပတ်တာများ၊ ရေတံခါးများနှင့် ရေနုတ်မြောင်းများ တည်ဆောက်တူးဖော်ပေးလျက်ရှိရာ ပင်လယ်ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ခြင်း၊ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေခြင်းနှင့် ရေချိုထိန်းထားနိုင်ခြင်းများအပြင် အခြားသော ရေမြေသဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ရရှိ ထိန်းသိမ်းထား ပြီးဖြစ်သဖြင့် ဧရာဝတီ၏ စပါးကျီဟူသော ပြည်သူကပေးသည့် ဂုဏ်ပုဒ်အား ဒေသနေသူတို့နှင့် တာဝန်ရှိသူအသီးသီးတို့က ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ကြပါစေဟု အကြံပြုရေးသား လိုက်ရပါသည်။ ။
သတင်းဆောင်းပါးနှင့် ဓာတ်ပုံ- သပြေထွန်း