နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၂၆၉ ဧက ရှိသောနယ်မြေကို “သယောကြီးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့် ကြော်ငြာစာအမှတ်(၁၅/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတော ဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝစေရန်၊ ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုများအား သဘာဝတံတိုင်း ကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံ အုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်သည်။
သယောကြီးကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် အဓိက ဒီရေတော သစ်မျိုးများဖြစ်သော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ မဓမ၊ ပင်လယ်အုန်း စသည့် အဖိုးတန်သစ်မျိုးများနှင့် လမု၊ ကန့်ပလာစသည့် ဒေသမျိုးရင်း ဒီရေတော သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ကြက်တူရွေး၊ သိန်း၊ ပန်းဇင် ငှက်နှင့် ဒင်ကြီးငှက်စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ပုစွန်များစသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါ ဂေဟစနစ် ပိုမိုကောင်း မွန်လာစေခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN