ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လက်အောက်ရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော အင်ဂျင်နီယာဌာနမှ လျှပ်စစ် ကျွမ်းကျင် (၄) ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရုံးချုပ်စုဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဌာနကြီးမှူးများ၊ ခရိုင်လျှပ်စစ်မန်နေဂျာများနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လက်အောက်ရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လျှပ်စစ်ကျွမ်းကျင် (၄) ဝန်ထမ်းများကို လိုင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းကျွမ်းကျင်မှု ပိုမိုပြည့်ဝပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစွာ စနစ်တကျတာဝန်ထမ်းဆောင်နိုင်စေရန်နှင့် တိုးတက်ပြောင်းလဲလာသော နည်းစနစ်များကို ကျွမ်းကျင်စွာသိရှိ နားလည်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းတွင် လျှပ်စစ်နှင့်ပတ်သက်သည့်အခြေခံ သဘောတရားများ၊ လျှပ်စစ်နှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လက်ကိုင်ထားကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရန် ရှောင်ရန်များ၊ တိုးတက်လာသောခေတ်နှင့် အညီလက်ရှိဆောင်ရွက်နေသည့် ကာဗာပါသော ကြိုးများကို အသုံးပြု၍ လုပ်ငန်းများအတွက် ပစ္စည်းအခေါ်အဝေါ်များ၊ အသုံးပြုပုံ တည်ဆောက်ပုံ နည်းစနစ်များ၊ ထရန်စဖော်မာ အခြေခံသဘောတရားများ၊ ထိန်းသိမ်းပြုပြင်ခြင်းအခြေခံများ၊ တည်ဆောက်ရေး၊ မောင်းနှင်ရေး၊ ပြုပြင်ရေးလုပ်ငန်းများကို စနစ်တကျအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးသင်ခန်းစာများနှင့် အခြားသိမှတ်ဖွယ် ရာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းသို့ သင်တန်းသား (၄၀) တက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁ ရက်အထိ ရက်သတ္တ (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

 

mdn