နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြား သည်။ 
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝင်းရှိန်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယို ကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် “တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၌ဥပဒေကို ကျော်လွန်၍ ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများအနေဖြင့် ဝိသမလောဘများဖြင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွား အတွက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးအပြင် လုံခြုံရေး အတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှတဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေးများစီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းမှတဆင့်လုံခြုံရေးအရ ထိခိုက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက် သွားရန်လိုကြောင်း” ထည့်သွင်းဆွေးနွေးခဲ့ကြောင်း။
တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်ပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံဖြတ်ကျော်မဟာမိတ်အဖွဲ့-Transnational Alliance to Combat- Illicit Trade-TRACIT ၏ ဖော်ပြချက်တွင် တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်ချက်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ -Sustainable Development Goals ကို အောင်မြင်အောင်ဆောင်ရွက်ရာ၌ သိသာစွာထိခိုက်မှုရှိကြောင်း၊ အထူးသဖြင့် တရားဝင်စီးပွားရေးလုပ်ငန်းများ၊ အစိုးရ၏အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှု အခန်း ကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှုမှရရှိသည့် အခွန်အခများ၊ ထောင်ပေါင်းများစွာသော တရားဝင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဂေဟစနစ်နှင့် လူ့အသက်အိုးအိမ် စည်းစိမ်များအပေါ် ထိခိုက်နစ်နာစေခြင်းများကို ဖြစ်ပေါ်နိုင်စေသည်ကို ဖော်ပြထားပါကြောင်း။
ထို့ပြင် တရားဝင်ကုန်သွယ်မှုများ ချဲ့ထွင်ခြင်းနှင့်ပတ်သက်ပြီး တရားမဝင် ကုန်သွယ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ခန့်မှန်းခြေအားဖြင့် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အကြားတွင်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများမှ ရရှိလာသည့် အမြတ်ငွေ ဒေါ်လာဘီလီယံ ပေါင်းများစွာကို အခြားသော တရားမဝင် လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် လူ့အသိုင်းအဝိုင်း၏ စီးပွားရေး လုပ်ငန်းများအကြား မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်လာပြီး အဆိုးရွားဆုံးအဖြစ် နိုင်ငံတော်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်သည့် အကြမ်းဖက်ငွေကြေး ထောက်ပံ့မှုများကိုလည်း ပေါ်ပေါက်လာစေကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရ ပါကြောင်း။
တရားမဝင်ကုန်သွယ်မှုများကြောင့် တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှုနှင့် သွယ်ဝိုက်ဆိုးကျိုး သက်ရောက်မှု (၂) ပိုင်းတွေ့ရှိရပြီး တိုက်ရိုက်ဆိုးကျိုး သက်ရောက်မှုများအနေဖြင့် စီးပွားရေးကဏ္ဍများစွာ၏ ကုန်ထုတ်စွမ်းအားနှင့် အမြတ်အစွန်းများကို ပျက်ပြားစေခြင်း၊ နှစ်စဉ်တရားဝင်စီးပွားရေးမှ ဝင်ငွေများဆုတ်ယုတ်စေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခြင်း၊ တရားမဝင်ကုန်သွယ်မှုမှ တရားမမျှတသည့် ယှဉ်ပြိုင်မှုကြောင့် တရားဝင် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ရောင်းချမှု၊ တင်သွင်းမှုစသည်များကို လျော့ကျလာစေပြီး တရားဝင်လုပ်ငန်းများ၏ အလုပ်အကိုင်များ ဖန်တီးနိုင်မှုနှင့် အခွန်ပေးဆောင်နိုင်မှုတို့ကို ပျက်ပြားစေခြင်း၊ အစိုးရ၏ အခွန်ဝင်ငွေရရှိမှုများ ကျဆင်းခြင်းကြောင့် အများပြည်သူအတွက် ရင်းနှီးမြှုပ်နှံမှုများ ကိုလျော့ကျစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်စေခြင်း၊ တရားမဝင်ကုန်သွယ်မှုနှင့်ဆက်နွယ်ပြီး ရာဇဝတ်မှုကျုးလွန်သည့်ဂိုဏ်းများ တိုးပွားလာ စေခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။
သွယ်ဝိုက်ဆိုးကျိုးများမှာ တရားမဝင်သည့် ငါးဖမ်းဆီးမှုများကြောင့် ငါးသယံဇာတများ ပြုန်းတီးခြင်းနှင့် အဆိုပါရင်းမြစ်များအပေါ် မှီခိုအားထား အသက်မွေးဝမ်းကျောင်း ပြုကြသူများအတွက် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ခြိမ်းခြောက်ခံရခြင်း၊ တရားမဝင် ငါးဖမ်းလှေများတွင် လူဆိုးဂိုဏ်းများ၏ အတင်းအကျပ်စေခိုင်းမှုများ ခံရခြင်း၊ တရားမဝင်သစ်ခုတ်ခြင်းနှင့် သစ်ကုန်သွယ်မှုများကြောင့် သစ်တောများနှင့် တိရစ္ဆာန်များ၏  ဂေဟစနစ်များ ပျက်စီးပြီး ခရီးသွားလုပ်ငန်းကဏ္ဍမှ အလုပ်အကိုင်များကို ခြိမ်းခြောက်ခံရခြင်း၊ သစ်တောများကို မှီတင်းနေထိုင်သည့် လူမှုအသိုက်အဝန်းနှင့် တိရစ္ဆာန်များအတွက် ခြိမ်းခြောက်ခံရခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပိုးသတ်ဆေးအတုအပများ အသုံးပြုမှုကြောင့် စီးပွားရေးအရ ပျက်စီးဆုံးရှုံးခြင်းနှင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင် အရည်အသွေး လျင်မြန်စွာ ကျဆင်းလာခြင်းတို့ကို တွေ့ရှိရပါကြောင်း။
နိုင်ငံတကာနှင့် ကုန်သွယ်မှုများဆောင်ရွက်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ၏ Brand မထိခိုက်စေရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့အတွက် တရားမဝင် ကုန်သွယ်မှုများအား လိုလားခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူများ အနေဖြင့်လည်း အရည်အသွေးမြင့်ပြီး ဘေးကင်းစစ်မှန်သည့် ကုန်စည် များကိုသာ အသုံးပြုလို၊ စားသုံးလိုသည့် ဆန္ဒများရှိသည်ကို တွေ့ရှိရကြောင်း၊ တရားမဝင် ကုန်စည်များကြောင့် ကုန်စည်အတုအပများ စျေးကွက်အတွင်း များပြားလာပါက စားသုံးသူများအနေဖြင့် ယုံကြည်မှု ပျောက်ဆုံးလာနိုင်ပါကြောင်း၊ တရားမဝင် ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်သည် မှောင်ခိုကုန်သွယ်မှုဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်က ကျသင့်တန်ဖိုး‌အောက် ဖော်ပြ၍ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ၁၀ ရာခိုင်နှုန်းသည် တရားဝင်၊ တရားမဝင် အပြိုင်တင် သွင်းမှုတို့ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ် မှုကြောင့် နောက်ဆက်တွဲ ဆုံးရှုံးမှုများအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်‌ပေါ်စေခြင်း၊ အမှန်တကယ် လုပ်ကိုင်နေသူများကို ထိခိုက်နစ်နာစေခြင်းနှင့် နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများ မရရှိသည့်အတွက် ဝင်ငွေအကြီးအကျယ် ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်သည့် လုပ်ငန်းများအား “အမျိုးသားရေးတာဝန်” အဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်းကြိုးပမ်းကြရန်  ထပ်မံတိုက်တွန်းလိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုအခြေအနေ အညွှန်းကိန်းလျော့ချနိုင်ရေး ဆောင်ရွက်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာသည်မှာ  ယနေ့အစည်း အဝေးပါဆိုလျင် (၁၃) ကြိမ် ရှိပြီဖြစ်ပါကြောင်း၊  ယခင်အစည်းအဝေး (၁၂) ကြိမ်က ဆုံးဖြတ်ချက် (၄၂၄) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  ဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း (၂၄) လကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ (၁၀၃၉၅) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၂၀၀ ဒသမ ၄၂၂ ) ဘီလီယံ ဖမ်းဆီး ရမိခဲ့ပါကြောင်း။
ဖမ်းဆီးရမိမှုများကို အနီးကပ်ဆုံး တစ်နှစ်တာကာလဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အကောက်ခွန် ဦးစီးဌာနက တာဝန်ယူဖမ်းဆီးသည့် အပြည်ပြည်ဆိုင်ရာ (လေဆိပ်)၊ အမြဲတမ်း စစ်ဆေးရေးစခန်းများ၊ ကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေးစခန်းများနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများက ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖမ်ဆီးရမိ၍ ဒုတိယအများဆုံးအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအများဆုံးအနေဖြင့်  ကချင်ပြည်နယ်တို့က ဖမ်းဆီးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကိုစိစစ်ရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ လုပ်ငန်းသုံး ကုန်ကြမ်းများဖြစ်ကာ တတိယအများဆုံးမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊  ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ် ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးကျပ် (၇၀ ဒသမ ၃၁ ) ဘီလီယံခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရသော်လည်း တရားမဝင်ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ်စခန်းများနှင့် အမြဲတမ်းစစ်ဆေးရေးများတွင် တာဝန်ကျသည့် ဝန်ထမ်းများ၊ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့်  တရားမဝင် ကုန်သွယ်မှုများကို ယခုထက်ပိုမို ထိရောက်စွာကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ကြရန် လိုအပ်နေသည်မှာ ထင်ရှားနေပါကြောင်း။
ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် အကောက်ခွန်ဦးစီးဌာနက ပို့ကုန်ယာဉ်စစ်ဆေးမည့် X-Ray စက်နှင့် ပတ်သက်ပြီး ခေတ်မီ X-Ray စက် တပ်ဆင် နိုင်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခွင့်ပြုခဲ့ပြီးဖြစ်၍ X-Ray စက်အသစ် တပ်ဆင်ခြင်းလုပ်ငန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူပြီး မြန်မြန်ဆန်ဆန် တပ်ဆင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရထား၊ ပြည်တွင်း ရေကြောင်းသွားရေယာဉ်၊ ပြည်တွင်း ကမ်းရိုးတမ်းသွားရေယာဉ်များတွင် အသုံးပြုမည့် ကုန်တင်လွှာစနစ်၊ စံပြုလုပ်ငန်းစဉ်များ (SOPs) ကိုလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ စမ်းသပ် ကာလ (၃) လသတ်မှတ်ပြီး စတင်ဆောင်ရွက် နေပြီဖြစ်၍ သတ်မှတ်စမ်းသပ် ကာလများအတွင်း ပညာပေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက် သွားကြရန်နှင့် စမ်းသပ်ကာလပြီးဆုံးပါက စံပြုလုပ်ငန်းစဉ်များ (SOPs) နှင့်အညီ ထိထိရောက်ရောက်စစ်ဆေးပြီး ကိုက်ညီမှုမရှိပါက အရေးယူဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားလိုကြောင်း။
ထို့ပြင် လေကြောင်းနှင့်သယ်ယူပို့ဆောင်သည့် ကုန်စည်များကို စနစ်တကျ စစ်ဆေးဆောင်ရွက်သည့် စံပြုလုပ်ငန်းစဉ် (SOPs) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ စပြီး စမ်းသပ်ကာလ ၃ လ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု များအပေါ် အားနည်းချက်များ ပေါ်လာနိုင်သည့်အတွက် စောင့်ကြည့်ပြီး ပြုပြင်သင့်သည်များကို ပြုပြင်ရန်လိုအပ်ပါကြောင်း၊  မြန်မြန်ဆန်ဆန်နှင့် ငွေကုန်ကြေးကျ မများဘဲ နှစ်ဦးနှစ်ဖက်အကျိုးရှိရှိ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမားရိုးကျ ပုံမှန်စစ်ဆေးဆောင်ရွက်ခြင်းများအပြင် နိုင်ငံတကာတွင် အသုံးပြုနေသည့် ICT နည်းပညာ အသုံးပြုနည်းလမ်းများနှင့်  ရှာဖွေစစ်ဆေးနိုင်ရေးကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်း ပြောကြားလိုကြောင်း၊ ထို့ပြင် စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေသည်များ ရှိသကဲ့သို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် ဆောင်ရွက်သည့် ဆိပ်ကမ်းများတွင်လည်း ကွန်တိန်နာများ ဖွင့်ဖောက်စစ်ဆေးရာတွင် သတ်မှတ်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုအားနည်းနေကြောင်း ကြားသိနေရသည့်အတွက် အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးချုပ်များအနေဖြင့် မိမိတာဝန်ယူရသည့် စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များနှင့် ကုန်သေတ္တာဆိပ်ကမ်းများတွင် လာဘ်ပေး လာဘ်ယူမှုများ မရှိအောင် လစဉ်ကွင်းဆင်း စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ယင်းကိစ္စများကို ဦးဆောင်ကော်မတီ အစည်းအဝေးများ၌ အကြိမ်ကြိမ် မှာကြားထားပြီးဖြစ်သည့်အတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ တရားဝင်စီးပွား ရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ကျဆင်းရေးအတွက် “အမျိုးသားရေး တာဝန်တစ်ရပ်” အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများအပြင် ဆက်စပ်သည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်ပြီး စဉ်ဆက်မပြတ် ကြိုးစားတိုက်ဖျက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
တစ်ဖက်ကလည်း ပြည်ပပို့ကုန်တိုးတက်ရန်နှင့် သွင်းကုန်အစားထိုး ပြည်တွင်း ထုတ်လုပ်မှုများ တိုးတက်ရန်အတွက် MSMEs လုပ်ငန်းများကို ရေရှည်ရပ်တည်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်သည့်အတွက် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများကို ခြိမ်းခြောက်နေသည့် တရားမဝင် ကုန်သွယ်မှုများကိုလည်း ယခုထက် ပိုမိုထိရောက်သည့် နည်းစနစ်များနှင့် ရှာဖွေစစ်ဆေး ဟန့်တားနိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်းရေးမှုး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဦးဆောင်ကော်မတီအစည်းအဝေး (၆/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်း လင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ဗဟိုစက် ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ ဝေး(၁/၂၀၂၄)သို့ တင်ပြလာသည့် အမှာစာများကိုဖတ်ကြား တင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝင်းရှိန်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံ နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း တို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ နေပြည်တော်ကောင်စီအပါ အဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်း ဖမ်းဆီးရမိမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်းနေမှု အခြေအနေများ၊ E-Lock စနစ် ဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင်ကုန် သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။  
သတင်းစဉ်