နိုင်ငံတော်ကိုကာကွယ်နိုင်သည့်စွမ်းအား၊ နိုင်ငံတော်ကိုကာကွယ်နိုင်သည့်ပညာကို နိုင်ငံသားအားလုံး တတ်မြောက်သွားရန်လိုအပ် နိုင်ငံတော်ကာကွယ်ရေးသည် တပ်မတော် တစ်ခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ကို သိရှိနားလည်စေလို
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ရတနာ သိင်္ဃခန်းမ၌ တားဆီးကာကွယ် မီဒီယာ အဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် သင်တန်းသား သင်တန်းသူများ အား ဆွေးနွေးပြောကြားသည်။
ဦးစွာ တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုများကိုပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယနေ့ခေတ်သည် နည်းပညာ ဖွံ့ဖြိုးတိုးတက်သည့် ခေတ်ဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် သင်တန်းသား သင်တန်း သူများအနေဖြင့် ဖြစ်ပေါ်လာသည့် နည်းပညာသစ်များနှင့် မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ စွမ်းဆောင်နိုင်သူအတွက် ကြီးလေးသောတာဝန်ဟူသည် မရှိဆိုသည့် စကားရပ်အတိုင်း မိမိတို့၏ ကျရာ အခန်းကဏ္ဍများတွင် တာဝန် ကျေပွန်သည့်၊ ပြည်သူက တန်ဖိုးထား လေးစားအားကိုးရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများ သာမကတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်နေကြသည့် ဝန်ထမ်းကောင်းများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသော သတင်းအမှန်များကို သိရှိနားလည်ပြီး ၎င်းသတင်း အမှန်များကို အခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူလူထု နေ့စဉ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုကြိုးပမ်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု ပညာရပ်သည် သတင်းမှားများကို တိုက်ဖျက်ရန်အတွက် မရှိမဖြစ်လိုအပ်သော ယန္တရားတစ်ခုဖြစ်ပြီး လူငယ် အချို့က သတင်းတု၊ သတင်းမှားများအပေါ် စိစစ်နိုင်မှု အားနည်းသည့်အတွက် သတင်းအချက် အလက်မှားများ၏ သွေးဆောင် ဖျားယောင်းမှုကို ခံနေရခြင်းပင် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း သတင်းတု၊ သတင်းမှားများကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ချက်ချင်း တုံ့ပြန် ဖြေရှင်းပေးနေသလို ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများ နှင့်လည်းတွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့ပါကြောင်း။
နိုင်ငံတော် တည်ဆောက်ရေးတွင် မီဒီယာကို ထိရောက်စွာ အသုံးပြုပါက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိနားလည် သဘောပေါက်စေရန် မီဒီယာနည်းလမ်းဖြင့် ပျံ့နှံ့အောင် ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူတစ်ရပ် လုံး ယုံကြည်လက်ခံလာပြီး အားတက်သရော ပါဝင်လုပ် ဆောင်ကြမည်ဖြစ်သလို သဘာဝဘေးအန္တရာယ်ကဲ့သို့ ထူးခြားသည့် အခြေအနေများကိုလည်း ကြိုတင်ကာကွယ်ရေးမှစပြီး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မီဒီယာ နည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါ ကြောင်း။
မိမိတို့ဝန်ကြီးဌာနသည် နုပျိုသစ်လွင်၍ ခေတ်မီသောမူဝါဒဖြင့် ပြည်သူလူထုသို့ ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေး ရန်ဟူသည့် မူဝါဒ(၃)ရပ်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ယခု ကဲ့သို့ လာရောက်ဆွေးနွေးပြောကြားခြင်းသည် အသိပညာပေးရန်ဟူသည့် ဝန်ကြီးဌာန၏ တာဝန် တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးအတွက် မီဒီယာနည်းလမ်း၊ ပြည်သူ့ ဆက်ဆံရေး နည်းလမ်းကောင်း များဖြင့် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးရှိစေရေးကို ဆောင်ရွက် ရမည်မှာ မိမိတို့ဝန်ကြီးဌာန၏ တာဝန်ပင်ဖြစ်ပါကြောင်း။
နေ့စဉ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်အမှန်များ သိရှိရန် လိုအပ်ပါကြောင်း၊ သတင်းအဆိပ်သင့်မှုအန္တရာယ်သည် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝကို များစွာ သက်ရောက်နေပါကြောင်း၊ သတင်းအမှားများကို နားယောင်ပြီး ဆုံးဖြတ်ချက်အမှား၊ ရည်ရွယ် ချက်အမှား၊ စေတနာအမှား စသည့်အမှားများစွာ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ယနေ့နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် ဆင်ခြင်တုံတရား ကင်းမဲ့၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများသည် နိုင်ငံတော် တည်ဆောက်ရေးတာဝန် ထမ်း ဆောင်နေကြသူများ ဖြစ်သည့်အတွက် မီဒီယာ၏တန်ဖိုးကို သိရှိနားလည်ပြီး ကောင်းစွာ အသုံးချတတ်ရန် လိုအပ်ပါကြောင်း။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့် နေ့ရက် သတ်မှတ်ခဲ့ပါကြောင်း၊ ယင်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယခုမှ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေ မဟုတ်သည်ကို အားလုံးသိရှိပြီး ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုဥပဒေနှင့်ပတ်သက်၍ ကောလာ ဟလများ ထုတ်လွှင့်လျက်ရှိသည့် အတွက် အနည်းငယ် ရှင်းလင်း ပြောကြားလိုပါကြောင်း။
မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်မည့်၊ အကျုံးဝင်နိုင်သည့် လူဦးရေ စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါ ကြောင်း၊ ထို ၁၃ သန်းလုံးကို တစ်ပြိုင်နက်တည်း စစ်မှုထမ်း ဆောင်စေမည်မဟုတ်ပါကြောင်း၊ လူဦးရေ ၁၃ သန်းအနက် အမျိုးသား ခြောက် ဒသမ သုံးသန်း၊ အမျိုးသမီး ခုနစ် ဒသမ ခုနစ်သန်းတွင် အမျိုးသမီးများကို ထည့်မတွက်ဘဲ အမျိုးသားများကိုသာ ထည့်တွက်ပါက လူဦးရေ ခြောက် ဒသမ သုံးသန်း၏ တစ်ရာခိုင်နှုန်းဆိုလျှင် ခြောက်သောင်းသုံးထောင် ရှိပြီဖြစ်ပါကြောင်း၊ နှစ်ရာခိုင်နှုန်း ဆိုလျှင် တစ်သိန်းနှစ်သောင်းရှိ ပါကြောင်း။
တစ်ဆယ်ရာခိုင်နှုန်းဆိုပါက လူဦးရေခြောက်သိန်းရှိပြီး ဤမျှလူဦးရေမလိုနိုင်ပါကြောင်း၊ မြန်မာ နိုင်ငံ၌ ရပ်ကွက် / ကျေးရွာပေါင်း ခြောက်သောင်းရှိရာ ရပ်ကွက်/ကျေးရွာတစ်ခုတွင် စစ်မှုထမ်း ဆောင်ရန် တစ်ဦးထက် သို့မဟုတ် နှစ်ဦးထက် ပိုစရာမရှိပါကြောင်း။
မိမိတို့ ယင်းဥပဒေကို စတင်အသက်ဝင်အောင် လုပ်ရခြင်းမှာ ရေရှည်အားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့် စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်သည့် စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ် နိုင်သည့်ပညာကို နိုင်ငံသားအားလုံး တတ်မြောက်သွားရန် လိုအပ်သည့်အတွက် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးသည် တပ်မတော်တစ်ခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံသားအားလုံးတွင် တာဝန် ရှိသည်ကို သိရှိနားလည်စေလိုပါကြောင်း။
သင်တန်းသား သင်တန်းသူ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် သင်တန်းပြီးဆုံးပြီး မိမိတို့၏ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ ဤတက္ကသိုလ်ကြီးမှ ပို့ချသော နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဘာသာရပ်များသာမက မိမိတို့ သိရှိတတ်မြောက်ကျွမ်းကျင်ထားသော ပညာရပ်များ၊ အသိပညာ ဗဟုသုတများကိုပါ ကောင်းမွန်စွာ အသုံးချ၍ ပြည်သူလူထုအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလုပ် အကျွေးပြုရမည်ဖြစ်ပြီး မိမိတို့၏ အလုပ်တာဝန်သာမက စေတနာ၊ မေတ္တာဖြင့်ပါ နိုင်ငံတော်တည် ဆောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက သင်တန်းသို့တက် ရောက်ကြသည့် သင်တန်းသား သင်တန်းသူများအား MRTV DTH စလောင်းငါးစုံနှင့် DVB T2 Set Top Box အလုံး ၁၀၀ ကို ကံစမ်းမဲ ဖောက်၍ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)ဖောင်ကြီးမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) တွင် သင်တန်းတက်ရောက်နေသော အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၁)၊ အရာ ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၉)၊ စာရေးဝန်ထမ်းကြီးကြပ် သင်တန်းအမှတ်စဉ်(၉၄)နှင့် စာရေး ဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၀၈)တို့မှ နိုင်ငံ့ဝန်ထမ်း သင်တန်း သား သင်တန်းသူဦးရေ စုစုပေါင်း ၈၆၀ တို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ သင်တန်းအမှတ်စဉ်အလိုက် ရက်သတ္တ (၄ ပတ်မှ ၁၆ ပတ်) အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်