ကာရာကတ်စ်   ၂၅  ဖေဖော်ဝါရီ    

 

အိမ်နီးချင်း ကိုလံဘီယာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ကို မိမိ၏ အစိုးရက ဖြတ်တောက်လိုက်ကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရို က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဗင်နီဇွဲလားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကိုလံဘီယာနှင့်ဘရာဇီးနိုင်ငံတို့တွင် ရောက်ရှိနေသည့် လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့ ပစ္စည်းများကို ဗင်နီဇွဲလား အစိုးရအား ဆန့်ကျင်သူများက နိုင်ငံတွင်းသို့ သယ်ယူရေးလှုပ်ရှားမှု စတင်ပြုလုပ်ပြီးနောက်တွင် သမ္မတ မာဒူရိုက ယင်းသို့ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

 

ဗင်နီဇွဲလား  အတိုက်အခံခေါင်းဆောင်   ဂျူအန်ဂွါအီဒိုသည်ကိုလံဘီယာနယ်စပ်မြို့   ကူကူတာသို့   ဖေဖော်ဝါရီ   ၂၄ ရက်တွင်ဝင်ရောက်သွားခဲ့ပြီး အမေရိကန်ပြည်ထောင်စု က ထောက်ပံ့သည့်စားနပ်ရိက္ခာများနှင့် ဆေးဝါးပစ္စည်းများကို ကိုလံဘီယာ သမ္မတထံမှလက်ခံရယူခဲ့သည်။

 

မိမိကိုယ်မိမိ     ကြားဖြတ်သမ္မတဟု     ကြေညာထားသည့်ဗင်နီဇွဲလား  အမျိုးသားလွှတ်တော်ခေါင်းဆောင် ဂွါအီဒိုက မိမိအား ထောက်ခံသူများက ဗင်နီဇွဲလားနိုင်ငံအတွင်း၌ ထောက်ပံ့ရေးပစ္စည်း များ    ဖြန့်ဝေမှုများကို    စတင်လုပ်ဆောင်လိမ့်မည်ဟု   ပြောကြားသည်။

 

ဗင်နီဇွဲလား နယ်ခြားစောင့် တပ်ဖွဲ့များအနေဖြင့် ထောက်ပံ့ရေး ပစ္စည်းများဖြန့်ဝေမှုကို လက်ခံကြရန်နှင့် သမ္မတ မာဒူရို၏ အစိုးရအဖွဲ့ကို စွန့်ခွာကြရန် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ထပ်လောင်းတိုက်တွန်းခဲ့သည်။

 

ဂွါအီဒို၏ ပြောကြားချက်ကို သမ္မတမာဒူရိုက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး ကိုလံဘီယာနိုင်ငံသည် ဗင်နီဇွဲလား အတိုက်အခံများနှင့်လျှို့ဝှက်ပူးပေါင်းကာ အမေရိကန်၏ စစ်ရေးအရ ကျူးကျော်ဝင်ရောက်ရေးကို ထောက်ပံ့လုပ်ဆောင်နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။ 

 

အင်န်အိတ်ချ်ကေ